7

2K 105 0
                                    

[UNI]

စံလင်း ကုတင်ပေါ်အိပ်ပျော်သွားခဲ့သည်မှာ နှစ်နှစ်ခြိုက်ခြိုက်သာဖြစ်သည်။ အေးမြသောပတ်ဝန်းကျင် အနေအထားကြောင့်လည်း ပါလိမ့်မည်။ သူ့မျက်လုံးတွေ ဖွင့်လိုက်ချိန်၌ အခန်းတွင်းသည် အဝါနုရောင်သန်းနေပါ၏။

ပြတင်းပေါက်မှန်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသည့် နေရောင်သည် အခန်းတွင်းသို့ ဤနည်းဖြင့်ဆေးရောင်ခြယ်သည်။ သို့သော်လည်း အေးချမ်းမှုကတော့ အပြည့်အဝပင်။

အိပ်ရေးဝသွားသည်ကြောင့် လှဲလျောင်းနေလျက်နှင့်ပင် အကြောဆန့်လိုက်ရင်း စံလင်း ဖြည်းဖြည်းချင်း ငုတ်တုတ် ထထိုင်လိုက်သည်။ ကုတင်ပေါ်၌ ရှိနေသော ဖုန်းကိုယူကြည့်လိုက်ရာ အချိန်ကား နေ့လယ်၂နာရီသို့ညွှန်ပြနေလေသည်။ သူတော်တော်လေးကို အိပ်ပျော်သွားခဲ့ပါ၏။

ဗိုက်ကလည်း နိုးနိုးချင်း ဆန္ဒပြနေပြီမို့ ရေချိုးခန်းဝင်ကာသန့်ရှင်းပြီး  Walletနှင့်ဖုန်းယူကာ သူအောက်ဆင်းဖို့လုပ်သည်။ သဘာဝကိုအခြေခံ တည်ဆောက်ထားသော အုတ်တိုက်အိမ်များဖြစ်သည့်အပြင် ဝန်ထမ်းဘာညာလည်း မရှိသည်မို့ ကိုယ့်ဘာသာဝယ်ယူ စားသောက်ရပေမည်ဖြစ်သည်။

Bookingယူထားစဥ်က တိုက်၏အနောက်ဘက်ခြမ်းတွင် စားသောက်တန်းကြီးရှိသည်ဟု ဆိုသည်။ ထို့ကြောင့် တိုက်ဘေးက လမ်းသွယ်လေးမှတစ်ဆင့် ဖြတ်သွားလိုက်ရာ အနည်းငယ်သာ လှမ်းတော့သော နေရာတွင် လူတွေ ဖြတ်လျှောက်နေကြနေသည်ကို တွေ့ရ၏။ သေချာသည်ကတော့ အစားအသောက်တန်းကြီးဖြစ်လိမ့်မည်။

မရင်းနှီးသော ပတ်ဝန်းကျင်ဖြစ်သော်လည်း သူ့ခြေလှမ်းတွေက သွက်နေခဲ့သည်။ ဘေးပတ်လည်ကို သေချာလိုက်ကြည့်ကာ စူးစမ်းခြင်းအမှုကိုလည်း မလစ်ဟင်းစေရ။ လမ်းအဆုံးရောက်သည့်အခါ စားသောက်တန်းဆီရောက်သည်။

ဆိုင်ခန်းများသည် အရွယ်အစားတူညီပါ၏။ အရောင်သာကွဲသည်။ ရေခဲမုန့်နှင့် ကိတ်များရှိသည့်ဆိုင်သည် ပန်းရောင်ဆေးကာလာ ဖြစ်ကာ၊ ပန်းဆိုင်သည် အဝါရောင်ကာလာရှိပြီး ကော်ဖီသီးသန့်ရောင်းသည့်ဆိုင်သည် အစိမ်းရင့်ရောင်ကာလာကို သုံးထားသည်။ ပေါင်မုန့်ဆိုင်နှင့် အခြားသော  နိုင်ငံခြားဖြစ် အစားအသောက်များကလည်း သူ့ကာလာအရောင်နှင့်သူ လိုက်ဖက်နေကြသည်မှာ ချစ်စဖွယ်ဖြစ်သည်။

Us Two [Completed]Where stories live. Discover now