1

2.9K 150 1
                                    

[UNI]

အေးချမ်းလှသော မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ တရွေ့ရွေ့သွားလာနေကြသော လူသားတို့သည် မပြတ်မလပ်စွာရှိ၏။ လူကျနေသော ခေါက်ဆွဲဆိုင်တွေသည်လည်း အငွေ့တထောင်းထောင်းဖြင့် လည်ပတ်လျက်။

ထိုသည်များကိုကျော်လွန်၍ တည်ရှိနေသော နေရာတစ်ခု၌ တည်ငြိမ်စွာဖြောင်းဖြနေသည့် အခြေအနေတစ်ရပ်ကလည်းရှိသည်။

"ကျွန်တော် စဥ်းစားခွင့် မရှိတော့ဘူးလားဟင် မေမေ.."

အသနားခံတောင်းဆိုနေသော မျက်ဝန်းငယ်လေးတွေသည် အရည်ကြည်လေးများလည်း ရစ်ဝိုင်းနေသေးသည်။  ဒေါ်မေမီသူမှာ သူမသား၏ နံဘေးသို့သွားထိုင်ကာ လက်ကလေးကိုဆုပ်ကိုင်၍ ချော့ပြောရပြန်သည်။

"သားရယ်..ကောင်လေးကို မေမေလည်း မြင်ဖူးပါတယ်။ လွတ်လွတ်လပ်လပ်နေတတ်ပေမယ့် ဆိုးဆိုးရွားရွား မိုက်ကန်းနေတာမျိုးလည်း မဟုတ်ပါဘူးကွယ်။ အရင်တွေ့ကြည့်ပါဦးလေ နော်..မေ့မေ့ သားလေး"

"သားမတွေ့ချင်ဘူး..သားထက် ၄နှစ်တောင် ငယ်တယ်ဆို"

"၄နှစ်တည်းပါသားရယ်.."

"မေမေရာ..."

ညည်းတွားသလိုလေး တ,ကာ မျက်မှောင်တွေကျုံ့၍  မျက်နှာ မသာမယာဖြင့် ခေါင်းကလည်း ငုံ့သွားသေးသည်။ ဒါလေးကို ၂၇နှစ်ရှိပါပြီပြောလျှင် မည်သူကယုံပါမည်နည်း။

"မေမေက သားအတွက်ပြောနေတာပါ သားရယ်"

"..."

"မေမေ့ကို အလိုလိုက်ပါဦးနော် သားလေး..."

မိခင်၏ အရိပ်တကြည့်ကြည့်တောင်းဆိုသံလေး ကြားရတော့လည်း စံလင်းမနေနိုင်။ အမေတစ်ခု သားတစ်ခုဖြစ်သည့်အနေအထားတွင် မိခင်ကို သူ စိတ်ချမ်းသာစေချင်သည်။

"သား သွားတွေ့ပါ့မယ်။ ဒါပေမယ့် သွားတွေ့ပြီးရင် တစ်ခုလောက် တောင်းဆိုချင်တယ်။ မေမေ လိုက်ရောပေးနိုင်မလား "

"သွားတွေ့ရင်ကိုရပြီ! ကျန်တာ ဒီမေမေတာဝန်ယူတယ်လို့ ကတိပေးတယ်!"

တွေ့မည်ဆိုသော အဖြေကြားသည်နှင့် ရင်ဘက်ကိုစည်တီးသလို တက်တက်ကြွကြွထုကာ ပြုံးပြုံးကြီးပြန်ပြောသော  ဒေါ်မေမီသူမှာ ပီတိတွေဖြာနေသော အကြည့်တွေလည်းပါသေး၏။

Us Two [Completed]Where stories live. Discover now