6

2.3K 106 0
                                    

[UNI]

အပူရှိန်လျော့သေးသော မနက်၁၀နာရီအချိန်တွင်ဖြစ်သည်။ ပင်လယ်ပြာကြီး၏ အထက်ကောင်းကင်တွင် ပျံသန်းလာသော လေယာဥ်ပေါ်မှ ခရီးသည်များသည် မြင်နေရသော ရေပြင်ကိိုကြည့်၍ မပြုံးမိသူ မရှိသလောက်ပင်ဖြစ်သည်။

အပြာရင့်ရောင်သန်းသော ရေပြင်ကိုကျော်လွန်ပြီးသောအခါ အနည်းငယ်ရေတိမ်သော နေရာရောက်သည်နှင့် အနုရောင်ပြောင်းသွားသည်မှာ မျက်စိရှေ့တွင်ပင်ဖြစ်သည်။

ထိုမှတစ်ဆင့် ထပ်ကျော်လွန်သည့်အခါ အဖြူရောင်အစွန်းဖျားအဖြစ်ပြောင်းကာ ကမ်းခြေသို့ သွားရိုက်ခတ်နေသည်အထိ အကုန်အသေးစိတ် မြင်ရ၏။

ကမ်းခြေ၏တစ်ဖက်ခြမ်းတွင် အရောင်စုံသော အုတ်တိုက်အိမ်လေးများသည် အစီအရီရှိနေသည်မျိုးမဟုတ်ဘဲ ပြွတ်သိပ်စွာ အုံထူနေပါသော်လည်း မျက်လုံးထဲကြည့်၍ လှနေသေးသည်။

အုတ်တိုက်အိမ်တွေကြား၌ လမ်းသွယ်ကလေးများရှိပြီး အဖြူရောင် လမ်းသွယ်မျိုးဖြစ်သည်ကြောင့် အပေါ်စီးမှမြင်ရသည့်အခါ ထင်း၍မြင်သာသည်။ တစ်လမ်းသွားသာသာ လမ်းသွယ်ကလေးတွေသည် အုတ်တိုက်အိမ်တို့ကြားတွင် ကွေ့ပတ်၍ရှိနေသည်။

စံလင်းသူမှာ ဤသည်တို့ကို ငေးကြည့်ရင်း ပြုံးနေမိသည့်သူတွေထဲပါသော သူတစ်ယောက်ဖြစ်သည်။ အေးချမ်းတည်ငြိမ်နေသော နေရာ၊ ဆူညံမှုမရှိသော နေရာ၊ အရောင်စုံအုတ်တိုက်များဖြစ်သော်လည်း နေရောင်ကြောင့် မျက်စိစူးမသွားဘဲ ပို၍လှနေသည့် နေရာ၊ သူသိပ်ကို လာချင်ခဲ့သည့် ဤနေရာ။

ငေးကောင်းကောင်းဖြင့် ငေးနေသည့်ကြားမှ ထွက်ပေါ်လာသည့်အသံသည် လေယာဥ်ဆင်းတော့မည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည်။ စံလင်းမှာ ယခုမှ သူ့အခြေအနေကို သတိရတော့၏။ သူ့နားတွေသည် လေဖိအားကြောင့် အူနေပြီဖြစ်သည်။

အလှတရားကိုခံစားရင်းသာ ခနမေ့ပျောက်သွားခဲ့ခြင်းဖြစ်သည်။ တအောင့်နေသည့်အခါ လေယာဥ်သည် မြေပြင်သို့ ဆင်းသက်သွားခဲ့ပြီ။

လေဆိပ်ရောက်သည့်အခါ အိတ်စောင့်ယူပြီး Taxiပေါ်တက်ကာ ထွက်ခဲ့သည့်နေရာမှာ သူ့တည်းခိုဆောင်ဆီဖြစ်၏။ စောစောပိုင်းက အပေါ်စီးမှမြင်ခဲ့ရသော အုတ်တိုက်အိမ်တွေ၏ တစ်နေရာတွင် သူ့တည်းခိုဆောင်ရှိသည်။

Us Two [Completed]Where stories live. Discover now