အပိုင်း-၁
"ခု စာအုပ်လာထပ်တဲ့ထဲမှာ မပါတဲ့သူတွေ ထမယ်။ ဒါ အကုန်မဟုတ်ဘူး ဆရာမ သိတယ်နော်"
အတန်းပိုင်ဆရာမ၏စကားအဆုံးတွင် ကျောင်းသားတချို့၏ တီးတိုးသံတစ်ချို့ ထွက်လာပြီးနောက် ဦးဆုံး ထရပ်လိုက်သည့်က သူ။ နောက် ကျန်သည့် ကျောင်းသားတွေချည်း ငါးယောက်ခန့်။ ဆရာမ၏ သက်ပြင်းချသံက ခပ်တိုးတိုးထွက်ပေါ်လာပြီးနောက်..
"အိမ်စာတွေက ပေးထားတာကြာလှပြီနော်။ဆယ်တန်းကျောင်းသားတွေက ဘာလို့များ ကလေးတွေလို သိပ်အပြောရခက်ကြတာလဲကွယ်။ ကဲ. ပြောပါဦး.. ထိပ်ဆုံးကနေ ထရပ်လိုက်တဲ့ ကင်းဝေး.။ဘာတွေများ လုပ်နေလို့ အမြဲတမ်းပဲ ပေးလိုက်တဲ့အိမ်စာဆိုတာတွေက မပြီးရတာလဲကွယ်"
"မေ့နေလို့ပါ တီချယ်။ ကျွန်တော် တောင်းပန်ပါတယ်"
ခပ်အေးအေး ဖြေရှင်းသံက ထွက်ပေါ်လာခဲ့သည်။နားရွက်အပေါ်နားမှာတင် ရှိသည့် ဆံပင်ခပ်ပျော့ပျော့လေးတွေက ဝဲကျနေကာ နဖူးပေါ်က ဆံစတို့ကို ဖြစ်သလို သိမ်းတင်ထားသည်ကြောင့် မျက်နှာဝင်းဝင်းပြောင်ပြောင်လေးက အရှင်းသား။ယောကျာ်းလေးဆိုသော်ငြား နုနုငယ်ငယ်ချစ်စရာကောင်းလွန်းလှသည့် ဒီကောင်လေး၏ ဖြစ်ပျက်ထားသည့် အကြောင်းအရာတွေကလည်း တအားကြီး မကြာသေးသည်ကြောင့် အမြဲတမ်းစာနာစိတ်နှင့် ကြည့်ပေးခဲ့တာ။ဒါပေမဲ့ လူတွေက လက်ရှိမှာ ရှင်သန်နေထိုင်ကြရတာမလား။
"အိမ်စာမထပ်တဲ့လူတွေအကုန်လုံး အပြစ်ပေးခံရမယ်။ ညနေကျောင်းဆင်းရင် မပြန်ဘဲ ကျောင်းခန်းမကို သန့်ရှင်းရေးလုပ်ရမယ်။ မပြီးမချင်းမပြန်ရဘူး"
ဟားခနဲညည်းညူသံတွေက စာမလုပ်ခဲ့သည့် ကျောင်းသားတွေထံမှ ထွက်လာသည်။ကျောင်း၏ခန်းမက အကျယ်ကြီး။ ပြီးတော့ ပြီးစရောလုပ်လို့ရသည်မဟုတ်။ ကြမ်းခင်းကိုလည်း ပြောင်နေအောင် တိုက်ကြရသေးတာ။သူတို့ အတန်းပိုင် ဆရာမက ဒေါသတကြီးနှင့် ပြောဆိုဆက်ဆံတတ်တာမျိုးမဟုတ်ပေမယ့် ခပ်အေးအေးနှင့်စူးစိုက်ကြည့်ကာ အပြစ်ပေး တတ်သည်မို့ ကြောက်ရသည့်အထဲတွင်တော့ ပါသည်။ညနေကျောင်းဆင်းတော့ ကျောင်းသားခြောက်ယောက်က ကျောင်းခန်းမထဲတွင် စုဝေးကြရတော့သည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......