အပိုင်း-၂၇
“သွင်ပြင်က မနက်အစောကြီးထသွားခဲ့တာလား’
မနက်စာဝိုင်းတွင် ဦးသီဟက စကားစလာတော့ ခေါက်ဆွဲကြော်ကို တို့ကနန်းဆိတ်ကနန်းလုပ်နေသည့် ဝေးက မော့ကြည့်သည်။
“ဟို. ညက အလုပ်ရှိလို့ ကုမ္ပဏီမှာပဲ အိပ်လိုက်မယ်လို့ပြောပါတယ် ဘိုးဘိုး”
ဦးသီဟက ခေါင်းတညိတ်ညိတ်။ မျက်လုံးလေးတွေဖောင်းလျက် မျက်နှာမကောင်းသည့် ဝေး၏ပုံစံရယ်၊ ညကပြန်မလာဘူးဆိုသည့် သွင်ပြင်ရယ်။ ဒါ ကလေးနှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ခဲ့မှန်း သေချာနေသည်။ နှစ်ယောက်သားတစ်ယောက်တစ်ခန်းစီ နေကြကာ ပွင့်ပွင့်လင်းလင်းမရှိကြသေးသည်ကိုလည်း သိပေမယ့် အချိန်တစ်ခုကြာရင်တော့ နီးကပ်လာနိုင်ကောင်းပါသည်ဟု သူ ထင်မိပြီးသား။ ဝေး၏အကြည့်တွေထဲမှာ သွင်ပြင့်ကို သံယောဇဉ်ရှိမှန်းကို ဘေးလူဖြစ်သည့် သူက မြင်ပြီးသား။
“တစ်ခုခု အဆင်မပြေတာရှိရင် ပြောနော်။ ဘိုးဘိုးအကူအညီလိုအပ်တယ်ဆိုရင်လည်းပြော..”
“ဟုတ်ကဲ့ပါ ဘိုးဘိုး”
မနက်စာ စားပြီးတော့ ဦးသီဟက ကိုသာဝကို ကားမောင်းခိုင်းပြီး အပြင်ထွက်သွားသည်။ထမင်းစားစားပွဲပေါ် တင်ထားသည့် ဖုန်းလေးထံမှ မည်သည့်noti မှမတက်လာသည်ကိုကြည့်ရင်း သက်ပြင်းတချချ။ ပတ်သက်ခဲ့သမျှတွင် ပထမဦးဆုံးအကြိမ်အဖြစ် သွင်ပြင်သည် သူ့ဖုန်းကို မကိုင်ခဲ့ခြင်းဖြစ်သည်။ ဝေး ဆက်မခေါ်တော့ပါ။ ဖုန်းနှင့်ပြောခြင်းထက် လူချင်း ပြောတာက ပိုကောင်းလိမ့်မည်။
ရေမိုးချိုးပြီးသည်နှင့် ဆိုင်ကို ထွက်လာခဲ့သည်။ ဒီရက်ပိုင်းအတွင်း မင်္ဂလာဆောင်မည့်သတို့သမီးဝတ်စုံကို အပြီးသတ်ရမည့်အပြင် တြိဂံလုပ်ငန်းစုနှင့် လက်တွဲလုပ်မည့်ကိစ္စကိုလည်း လက်ခံလိုက်သဖြင့် ပြင်ဆင်စရာရှိတာလေးတွေလည်း ပြင်ဆင်ရဦးမည်ဖြစ်သည်။
“အစ်ကိုကင်းဝေး.. ကော်ဖီပါ.”
နေ့လယ်စာကတော့ ထုံးစံအတိုင်း Gentel ကသာမှာစားလိုက်ပြီး သုံးနာရီလောက်ကျတော့ သန္တာက အလိုက်တသိနှင့် ကော်ဖီယူလာပေးသည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......