အပိုင်း-၂၁
တောင်းပန်စကားတွေ ထပ်ပို့ထားသည့် ဝေး၏ message တွေကို ရဂုံ လျစ်လျူရှုလိုက်ကာ ဖုန်းကို စားပွဲပေါ်တွင် တင်ပစ်လိုက်သည်။ စေ့စပ်ပွဲပျက်သွားသည့် အမျိုးသမီးတစ်ယောက်က ပုံမှန်မည်သို့ပြုမူလဲမသိပေမယ့် ထိုနေ့က သိပ်ကိုရှက်လွန်းခဲ့တာကလွဲလျှင် ရဂုံသည် နောက်ထပ် ပတ်ဝန်းကျင်ကို မျက်နှာမပြဝံ့တာတွေ၊ အရှက်ရတာတွေ ထပ်မဖြစ်လာခဲ့။မှားခဲ့သူသည် ရဂုံမဟုတ်။ မနက်ပိုင်း အလုပ်ကို သွားကာ ဆိုင်ကိုကြီးကြပ်ကွပ်ကဲခဲ့သည်။ ရဂုံ ထိုင်သည့် သစ်သီးဆိုင်က ဝန်ထမ်းတွေကလည်း ရဂုံ့အကြောင်းကို သိထားကြပြီးသားဖြစ်ကာ တစ်ချက်တစ်ချက်တော့ စိတ်မကောင်းသလို ကြည့်လာသည်ကို သတိထားမိသည်။ စိတ်တော့ အနည်းငယ်ရှုပ်ရသည်ကြောင့် နေ့လယ်ပိုင်း ဆိုင်မထိုင်ဖြစ်တော့။ အေးချမ်းဆိတ်ညိမ်သည့် အအေးဆိုင်လေး တစ်ဆိုင်ကို တစ်ယောက်တည်းလာထိုင်နေမိတော့သည်။
"မမ. ကျွန်တော် ထိုင်မယ်နော်"
မဟုတ်လောက်ပါဘူးဟု တွေးလိုက်မိပေမယ့် မော့ကြည့်လိုက်မိလျှင် ရှိန်းဇေသည် ရဂုံ့ရှေ့က ထိုင်ခုံတွင်ပင် ဝင်ထိုင်ပြီးဖြစ်နေသည်။မကြည်ဖြူခြင်းတို့လွှင့်တင်ထားသည့် မျက်နှာထားသည် ရဂုံ့မျက်နှာတွင် အတိုင်းသား ပေါ်လွင်လျက်.
"မင်း တို့နောက်လိုက်နေပြန်ပြီလား ရှိန်းဇေယျာ"
"ဟုတ်တယ်။"
"မင်း တော်တော်အားနေတာလား။ အလုပ်မရှိဘူးလား"
"ရှိပါတယ်။ မန္တလာလမ်းထဲမှာ သူငယ်ချင်းတွေနဲ့ဘား တစ်ခု တူတူဖွင့်ထားတယ်။ ညဘက်မှ ပိုစည်တာမို့ ညဘက်တော့ ဆိုင်ထိုင်ဖြစ်တယ်လေ မမ"
ရွဲ့မေးလိုက်ပေမယ့် သူ့အကြောင်းတွေကို သေချာလာပြောပြနေသေးသည့် ထိုကောင်လေးကို ရဂုံ မျက်စောင်းထိုးလျက် အကြည့်လွှဲလိုက်သည်။
"အဆင်ပြေရဲ့လား မမ. ကျွန်တော် စိတ်ပူနေလို့"
"စေ့စပ်ပွဲပျက်သွားလို့ အဆင်ပြေနေတဲ့ မိန်းမ မင်းတွေ့ဖူးလို့လား"
ရဂုံ စကားကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက်မိသည်။ ဘယ်သူ့ကြောင့် ရဂုံက ပွဲပျက်ခဲ့ရတာတဲ့လဲ။ ဝေးကိုယ်တိုင် ပါဝင်ခဲ့သည်ဆိုလျှင် သူ့အစ်ကိုဖြစ်သူကလည်း ကြံဆောင်သူမလား။အရင်တစ်ခေါက်တွေ့ကတည်းက သွင်ပြင်က ဝေးအပေါ်ပြုမူဆက်ဆံတဲ့ပုံကို ရဂုံ သတိထားမိခဲ့သင့်တာ။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......