အပိုင်း-၁၆
“ဘာလို့ရုတ်တရက်ကြီးလဲလို့ ငါမေးလို့ရမလား ကင်းဝေး”
“အင်း။ငါ လက်တွဲရမယ့် မိန်းကလေးဆိုလို့ နင်ပဲရှိတယ် ရဂုံ။တခြား ဘယ်မိန်းကလေးမှလည်း ထပ်ရှိလာမှာ မဟုတ်ဘူး။ ပြီးတော့ အချိန်တစ်ခုကြာအောင် ငါတို့တူတူရှိခဲ့ပြီးပြီဆိုတော့ စေ့စပ်ထားလိုက်တာလည်း ပိုအဆင်ပြေမယ်ထင်တယ်. ပြီးရင် လက်ထပ်ဖို့ တိုင်ပင်စဉ်းစားလို့လည်းရတာပေါ့”
ဝေးက သူမအား တည်တည်ငြိမ်ငြိမ်ပဲစိုက်ကြည့်ကာ ပြောသည်။ရဂုံ့ ဆိုင်ကိုပဲ ဝေး လာဖြစ်လိုက်ကာ စကားဆိုဖြစ်သည်။ မေးသာမေးလိုက်ရပေမယ့် သူမလည်း ရှိန်းဇေယျာဆိုသည့် ကောင်လေး စိတ်အနှောင့်အယှက် ပေးနေသည်ကိုလည်း မကြိုက်။ ခုက ချစ်သူရည်းစားဆိုပေမယ့် တရားဝင်ကြေငြာသမှု မပြုရသေးသည်အတွက် လိုက်နေတာလည်း ဖြစ်တန်ကောင်းရာသည်။ အသိုင်းအဝိုင်းကို တရားဝင်ချပြလိုက်သည်ဆိုပါလျှင်ဖြင့် ဦးထွန်းလင်းစေ၏သားဖြစ်သူဆိုသည့် အနေအထားနှင့် သူတစ်ပါးမိန်းကလေးကိုတော့ဖြင့် ပေါ်တင် မနှောင့်ယှက်ဝံ့ ကောင်းပါရဲ့။
“ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ငါတို့နှစ်ယောက်က အချစ်အကြောင်းတောင် သေချာမပြောဖြစ်ခဲ့ကြသလိုပဲနော်”
ရဂုံ အပြုံးစွက်လျက် ပြောတော့ ဝေးကလည်း ထပ်တူပြန်လည်ပြုံးပြလာသည်။
“ငါတို့အတူရှိခဲ့တဲ့ကာလတွေမနည်းတော့ ပြောဖို့မလိုတော့တာလည်း ဖြစ်မှာပေါ့’”
ရဂုံက ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြသည်။ဒီအသက်အရွယ်က ချစ်ကြောင်း ကြိုက်ကြောင်းတွေပြောကာ သင်တန်းတွေတက်၊ရည်းစားတွေထားကာ ပျော်ပါးတာမျိုးလည်းရှိနိုင်ပေမယ့် ဝေး ရော ရဂုံရောကပါ ကျောင်းပြီးကတည်းက စီးပွားရေးကို စိတ်ဝင်စားကာ သက်ဆိုင်ရာနယ်ပယ်ဆီတွင် ခြေစုံပစ်ဝင်ခဲ့ကြသဖြင့် ထိုသို့ကိစ္စများက နှစ်ယောက်လုံးတွင်မရှိခဲ့။ ရဂုံ တွဲဖြစ်ခဲ့သည့် တစ်ဦးတည်းသော ယောကျာ်းလေးက ကင်းဝေးဖြစ်သလို ဝေးအတွက် တစ်ဦးတည်းသောမိန်းကလေးကလည်း ပန်းရဂုံသာ ဖြစ်ခဲ့သည်။ပြီးတော့ ဒီအခြေအနေမှာ ဝေးက စကားစလာလျှင် ငြင်းစရာ အကြောင်းမရှိ။ ရဂုံ ခေါင်းညိတ်ခဲ့ပါသည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......