အပိုင်း-၂၀
ခြံထဲတွင် ကားရပ်ပေမယ့် သွင်ပြင်က ခြံထဲကို မဝင်။ ဝေး ကိုယ့်ကား ကိုယ်မောင်းကာ လာမည်ဆိုတော့လည်း မဟုတ်ဘဲ လိုက်လာခဲ့သည်မို့ အိမ်ထဲ ဝေးသာ ဝင်သွားသည်။ တခဏကြာတော့ ဦးနေမောင် အိမ်ထဲကနေ ထွက်လာလေကာ.
“မောင်သွင်ပြင်.. အိမ်ထဲဝင်လေ.”
“ရပါတယ် အန်ကယ်။ မဝင်တော့ပါဘူး”
“မဟုတ်တာကွယ်။ သူစိမ်းတွေမှာ မဟုတ်တော့တာ အဟင်း..ဟင်း လာပါ မောင်သွင်ပြင်ရဲ့”
ဦးနေမောင်ကတော့ ပုံမှန်ပေမယ့် ဒေါ်မျိုးမမ၏ မနေ့တစ်နေ့က မျက်နှာထားနှင့် မတူစွာခြားနားနေသည်။ ကားထဲမှာပဲ ထိုင်နေသည့် သွင်ပြင့်ကို ခေါ်မလို့ရလျှင်ပင် မသွားမည့်ပုံစံ။
“လာပါ.. ဒီလိုကြီးတော့ ဘယ်ဟုတ်ပါ့မလဲ”
သွင်ပြင်က ဦးနေမောင်ကိုတော့ နည်းနည်းအားနာသွားကာ ဝေးလည်း သူ့ကို စိတ်လောပြီး ခပ်မြန်မြန်လုပ်နေရမည်ကို တွေးမိလိုက်သည်ကြောင့် ကားပေါ်မှ ဆင်းကာ အိမ်ထဲလိုက်လာခဲ့လိုက်သည်။
“ဝေးကို ပြောပေးပါဦး။ကျွန်တော် အိမ်ထဲမှာ ထိုင်စောင့်နေတာမို့ အေးအေးဆေးဆေး သိမ်းဆည်းပါလို့”
“ဪ.အေး..အေး.. အန်တီပြောခိုင်းလိုက်မယ်”
ဒေါ်မျိုးမမက အအေးဗန်းလေး လာချပေးသည့်အကူကောင်မလေးတစ်ယောက်ကို ဝေးထံသို့ သွင်ပြင်ပါးလိုက်သည့်စကားကို သွားပြောခိုင်းလိုက်သည်။ ဧည့်ခန်းမှာ ထိုင်ဖြစ်ကြတော့ သွင်ပြင့်မျက်နှာထားက မပြုံးမရယ် ပုံမှန်ပင်ဖြစ်သည်။ဒေါ်မျိုးမမကတော့ အဘက်ဘက်က ပြည့်စုံနေသည့် ဒီကောင်လေးကို နှမြောမိတော့တာပါပဲ။သမီးဖြစ်သူနှင့်သာဆိုလျှင် ဆိုသည့် စိတ်ကလေးကလည်း ထွက်ပေါ်လာမိသေး၏။
“အန်ကယ်တို့ လင်းစေအုပ်စုနဲ့ ရှိတဲ့ကိစ္စလေးကို လင်းစေက အများကြီးအချိန်ပေးပြီး အဆင်ပြေအောင် ဖြေလျှော့ပေးသွားတယ်။ မောင်သွင်ပြင်ကို ကျေးဇူးတကယ်တင်ပါတယ်”
ဦးနေမောင်က စကားစရှိလာတော့ သွင်ပြင် မျက်မှောင်ကုတ်သွားရသည်။ တစ်ဆက်တည်းလိုလို ဦးထွန်းလင်းစေ လုပ်ရပ်မှန်း ချက်ချင်းနားလည်သွားလိုက်မိတော့သည်။ဒါ ဒယ်ဒီက သူ့သဘောနဲ့သူလုပ်တာပဲ။သွင်ပြင် ပြောခဲ့တာ ဘာမှမရှိ။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......