အပိုင်း-၁၄
ဟိုတယ်တစ်ခု၏ရေကူးကန်ဘေးတွင် ကျင်းပသည့် မွေးနေ့ဧည့်ခံပွဲလေးက စည်စည်ကားကားပင်ဖြစ်သည်။ စင်မြင့်တစ်ခုလည်းရှိပြီး ဖက်ရှင်ရှိုးအတွက် ပြင်ဆင်ထားပုံရသည်။ ဘူဖေးစနစ်နှင့် ကျွေးမွေးသည့် စတိုင်ဖြစ်ပြီး ပွဲခင်းထဲတွင် ထိုင်နေသူများထက် ဟိုဟိုဒီဒီသွားကာ နှုတ်ဆက်စကားပြောဆိုနေသူများက များသည်။ သတင်း မီဒီယာတွေကို မနှစ်သက်သည့်သူတွေလည်း များသည်ကြောင့် ဒီပွဲတွင် သတင်းယူခြင်း၊ဓါတ်ပုံရိုက်ခြင်းများကို လည်း ကန့်သတ်ထားသည်။
“Eddy ခုလိုလာပေးတာ အများကြီးဝမ်းသာပါတယ်ဗျာ။”
ပွဲပိုင်ရှင်က ဝမ်းသာအားရ နှုတ်ဆက်ရင်း သွင်ပြင့်ဘေးက ဝေးကိုပါ ကြည့်သည်။နို့နှစ်ရောင် အနောက်တိုင်းဝတ်စုံ လေးက ဝေးကိုယ်ပေါ်တွင် ကပ်ကပ်ရပ်ရပ်နှင့် သိပ်ကို ကြည့်ကောင်းလွန်းလှသည်။ သွင်ပြင်ကတော့ အနက်ရောင်ဝတ်စုံနှင့်မို့ ဆွဲဆောင်မှုရှိကာ ပွဲထဲမှ တစ်ချို့မိန်းကလေးတွေ၏အကြည့်ကလည်း မနည်းလှ။
“ဝေး,, ဒါက ဧည့်ခံပွဲပိုင်ရှင် ကိုကျော်ကျော်ပါ။ ကိုကျော်ကျော် ဒါက ကျွန်တော့် အရင်းနှီးဆုံးပါ။ သောကကင်းဝေး လို့ခေါ်ပါတယ်။ ဝေးကလည်း My Way Design House ဆိုင် ဖွင့်ထားတယ်။”
“အာ. My Way ကလား။ သိပါ့ဗျာ. သိပါ့.. ဟိုတလောကတောင် ကျွန်တော့်အမျိုးသမီးက သူ့အသိဆီက ကြားလာလို့ ဆိုပြီး တစ်ခါလောက်သွားမယ်လို့ပြောနေတာ။ ခုလို ဆုံခွင့်ရတာ တကယ် ဝမ်းသာတယ် ကိုသောကကင်းဝေး”
ကိုကျော်ကျော်က အမှန်ပင်လှိုက်လှိုက်လှဲလှဲနှင့် လက်ကမ်းပေးလာတော့ ဝေး မျက်နှာလေးပြုံးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။ ဒီအသိုင်းအဝိုင်းမှာ ဝေး၏ဒီဇိုင်းတွေကို သဘောကျသည့်သူတွေလည်းရှိတာ သိလိုက်ရတော့ ဝေး မျက်နှာလေးကြည်ကာ စိတ်ချမ်းသာနေမိသည်။
“သုံးဆောင်ကြနော်. ဘာမှအားမနာပါနဲ့။ ခဏနေ ရှိုးပွဲလည်း စတော့မှာ”
သွင်ပြင်နှင့် ဝေးကို နေရာချပေးပြီးသည်နှင့် နောက်လာသည့် ဧည့်သည်တွေကို ကြိုရင်း ကိုကျော်ကျော်တို့ မိသားစုက အလုပ်ရှုပ်နေသည်။
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Lãng mạnအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......