အပိုင်း-၁၇
စေ့စပ်ပွဲအတွက် နှစ်ဖက်မိဘများက ငြင်းပယ်စရာအကြောင်းမရှိကြ။တစ်ပတ်အတွင်းစီစဉ်ဖြစ်ကြပြီး အကုန်ကိုယ်တိုင် လိုက်လုပ်စရာမလို။ service တစ်ခုကိုအပ်လိုက်သည်နှင့် ရက်သတ္တပတ်၏အဆုံး စနေနေ့တွင် ဝေးနှင့်ရဂုံ၏ စေ့စပ်ပွဲလေးက လျင်မြန်စွာဖြစ်မြောက်လာခဲ့ပါသည်။ဒီရက်အတွင်း သွင်ပြင်သည် ဝေးထံသို့ ဆက်သွယ်မှုလည်း မပြုသလိုနှောင့်ယှက်ခြင်းလည်း မပြုခဲ့ပါ။ သတိတော့ရမိပေမယ့်လည်း ဝေး အပေါ် စိတ်ရှင်းသွားပြီဟူသာ ယူဆမိသည်။
“ကင်းဝေးရေ.. ပြီးပြီလား။ အချိန်က ကပ်နေပြီနော်”
အခန်းရှေ့ကနေ တံခါးခေါက်လျက် ဒေါ်မျိုးမမက အော်ပြောသွားသေးသည်။ စေ့စပ်ပွဲက ရဂုံ့တို့အိမ်၏ခြံဝန်းထဲမှာပင် ပြုလုပ်သည့်ပွဲဖြစ်ကာ ညနေဒင်နာသဘောမျိုးဆိုပေမယ့် လူအများကြီးတော့ ဖိတ်ထားသည်မဟုတ်ဘဲ ရင်းနှီးသည့်သူ အချို့ကိုသာ ဖိတ်ထားခြင်းပင်။ပွဲက သိပ်ကြီးကျယ်ခမ်းနားတာမဟုတ်ပေမယ့် ပွဲသေးသေးလေးလည်း မဟုတ်။
အပြာနုရောင်အနောက်တိုင်းဝတ်စုံက ဝေး ကိုယ်တိုင် ချုပ်ထားတာဖြစ်ပြီး ခန္ဓာကိုယ်နှင့် ပနံရနေလေသည်မှာ ဝေး၏နဂိုချောမောပြီးသားရုပ်ရည်ကို ပံ့ပိုးပေးနေသည့်ဟန်။နက်(ခ်)တိုင်ကို တစ်ချက်နေရာသေချာချလိုက်ပြီး ဝေး အခန်းထဲမှ ထွက်လာသည်။ ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားသည့် ဖုန်းမြည်သံတိုးတိုးလေး ထွက်ပေါ်လာသည်ကြောင့် ကြည့်လိုက်မိတော့ မျက်ခုံးလေးပင့်သွားမိရသည်။ကိုင်မလို မကိုင်မလို ဒွိဟဖြစ်နေသည့်စိတ်က ဖုန်းလေး နောက်တစ်ကြိမ် ပြန်မြည်လာသည်တွင်တော့ ကိုင်လိုက်မိတော့သည်။
“အင်း “
“ဒီနေ့စေ့စပ်ပွဲဆိုတော့ ဝေး သိပ်ပျော်နေမှာပေါ့နော်”
“ဒါပေါ့.ငါ က မပျော်စရာအကြောင်းဘာရှိလို့လဲ”
တစ်ဖက်က သက်ပြင်းချသံဖွဖွပေါ်လာပြီးသည့်နောက်မှ သွင်ပြင်က စကားပြန်စလာသည်။
“ကျွန်တော် ဝေးကို မနှောင့်ယှက်ခဲ့ဘူးနော်။ ခု ခဏလေး ကျွန်တော့်ကို တွေ့ခွင့်ပေးပါလား”
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......