အပိုင်း-၁၈
“ဘယ်လိုလုပ်လိုက်တာလဲ ကင်းဝေး။ ငါတို့ ရဂုံ့မိဘတွေရှေ့မှာ ဘယ်လောက်တောင် မျက်နှာငယ်ခဲ့ရလဲ သိလား။ ကိုယ်က အမှားလုပ်ထားတာလည်း မဟုတ်ပါဘဲ တောက်လျှောက်တောင်းပန်လိုက်ရတာ ဘယ်သူ့ကြောင့်လဲ”
အိမ်ရောက်သည်နှင့် ဒေါ်မျိုးမမက စောင့်နေသည့်အလား တရစပ်ပြောတော့တာပဲဖြစ်သည်။ဦးနေမောင် မျက်နှာသည်လည်း မကြည်ပါ။ ခု လာတာ ဝေး တစ်ယောက်တည်း မဟုတ်။ သွင်ပြင်ဆိုသည့် ကောင်လေးပါ နောက်ကပါလာသည်။မသိလျှင် ခိုးသွားသည့် ကောင်မလေးကို မနက်ကျ မိဘလက် ပြန်လာအပ်သည့်အတိုင်း။
“မင်း ယောကျာ်းတစ်ယောက်နဲ့ ကြိုက်ရင်လည်း ကြိုက်တယ်ပေါ့။ ဒီ စေ့စပ်ပွဲကို ဘာမှလုပ်နေစရာကိုမလိုတာ။ ငါတို့က မင်းကို အတင်းဖိအားပေးစေ့စပ်ခိုင်းနေလို့လား။ မင်းတို့သဘောနဲ့ မင်းတို့စေ့စပ်တာလေ။ မနေ့က ပန်းရဂုံဆို ရှက်လွန်းလို့ မျက်ရည်တောင် ကျတယ်။မကျလည်း ရှိမလားအေ..။ လူပုံအလယ်မှာ အချိန်ကျော်နေတာတောင် စေ့စပ်မယ့်သတို့သားလောင်းက မလာတာ။မင်း သွင်ပြင်ဆိုတဲ့တစ်ယောက်က ခိုးသွားတယ်ဆိုတာတောင် ဧည့်ခံပွဲ တစ်ခုလုံး သိမသွားလို့တော်သေးတယ်”
ဒေါ်မျိုးမမ ပြောရင်းနှင့် မနေ့က အဖြစ်ကို ပြန်သတိရကာ စိတ်ပါဆိုးလာရသည်။ အချိန်ကလင့်နေပြီ။ ဝေးက ဆက်သွယ်လို့ကမရ။ ခဏကြာတော့ အံ့မော်ဆိုသည့် ကောင်လေးတစ်ယောက် သူတို့နှစ်ဖက်မိဘနှင့် ရဂုံနားရှိရာသို့ ရောက်လာကာ ဝေး အား သွင်ပြင် ခိုးသွားသည့်ဆိုသည့် အကြောင်း ပြောလာခဲ့သည်။မဖြစ်နိုင်ဟု ရဂုံက တွင်တွင်ငြင်းခဲ့ပေမယ့် ဝေးက အမှန်ပင် ရောက်မလာခဲ့ချေ။ဒေါသထွက်နေသည့် ရဂုံ့မိဘတွေကို ငုံ့သျှိုးမတတ် တောင်းပန်ခဲ့ရလေသည်။ဒါတောင် မိတ်ဆွေတွေဖြစ်နေလို့သာ။
“နေဦး.. မျိုး။ ငါပြောမယ်။”
စကားထပ်ဆိုနေချင်သေးသည့် ဒေါ်မျိုးမမအား လက်ကာပြလိုက်ပြီး ဦးနေမောင်က သူ့ရှေ့တွင် ထိုင်နေသည့် ဝေး၏ပျက်ယွင်းနေသည့် မျက်နှာကို ခဏမျှစိုက်ကြည့်သည်။ မနေ့က ဝတ်ထားသည့် အဝတ်အစားတွေတော့ မဟုတ်တော့။ ရှပ်အပြာလေးတစ်ထည်နှင့် ဘောင်းဘီအညိုရှည်လေးက ဝေးနှင့် အနည်းငယ်ကြီးနေသယောင်မို့ ဝေး၏အဝတ်အစား မဖြစ်နိုင်။ထိုရှပ်အပြာလေးကလည်း လည်ပင်းကော်လံပါထောင်ပြီး ဝတ်ထားပေမယ့် တစွန်းတစထွက်နေသည့် နီစွေးစွေးအရာတစ်ချို့ကို မြင်သည်။ ဝေး ဘေးတွင် အေးအေးဆေးထိုင်နေသည့် သွင်ပြင်ဆိုသူတွင်လည်း နှုတ်ခမ်းထောင့်ကပေါက်နေသည်မှာ အထိုးခံထားရသည့်နှယ်။ ရောက်ကတည်းက သူတို့ကို အကြည့်တစ်ချက်သာပို့လျက် ဝေး ကိုသာ တကြည့်ကြည့်လုပ်နေသည်မှာ သတိမထားမိချင်မှအဆုံး။ဦးနေမောင် သူ့ထံမှ အကြည့်ပြန်လွှဲလိုက်ကာ..
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romanceအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......