အပိုင်း-၁၂
ဈေးဝယ်စင်တာမှာ လိုအပ်သည်များ ဝယ်ခြမ်းပြီးတော့ ကားပါကင်ကို ရဂုံ ပြန်ဆင်းလာခဲ့သည်။ပစ္စည်းအများကြီး မဟုတ်သည်ကြောင့် cart မယူဘဲ လက်နှစ်ဖက်နှင့်သာ ကိုင်လာလိုက်၏။ ကားနားရောက်ခါနီးမှ ဖုန်းလာနေသည်ကြောင့် ပခုံးတွင် လွယ်ထားသည့် အိတ်လေးထဲ ဖုန်းနှိုက်စဉ် ဖရိုဖရဲဖြစ်လျက် လက်ထဲက ပန်းသီးအိတ်လေးက ပြုတ်ကျကာ ပန်းသီးတွေက လိမ့်ဆင်းသွားတော့သည်။
"ဪ..ဒုက္ခပါပဲ"
ဖုန်းမကိုင်ဖြစ်တော့ဘဲ ပန်းသီးတွေ ပြန်လိုက်ကောက်မည်ပြုစဉ် ရဂုံ မြင်ကွင်းထဲသို့ အဖြူရောင်ဘွတ်ဖိနပ် တစ်စုံက ဝင်ရောက်လာပြီး ပန်းသီးတွေကို ကောက်ထည့်လျက် ကမ်းပေးလာသည်။ ထိုသူကိုမြင်တော့ ရဂုံ့ မျက်နှာလေးက မှုန်ကုတ်သွားလျက်။ ဆံပင်ကကောက်ကောက်၊ နားတွင် နားကပ်တစ်ဖက်နှင့် ကောင်လေးကတော့ နှစ်လိုစွာ ပြုံးပြနေသည်။
"ယူလေ.. မမ"
သူ ပေးနေပေမယ့် အဲ့ဒါက ရဂုံ့ ပစ္စည်းပဲမို့ သူ့လက်ထဲကနေ လှမ်းယူလိုက်သည်။
'ကျေးဇူးပဲ"
"စိမ်းကားတယ် မမရာ။ ကျွန်တော်တို့က ရင်းနှီးနေတာပဲ.ကျေးဇူးတင်စကားပြောစရာမလိုပါဘူး"
ရဂုံက ကားနားထိလျှောက်လာတော့ ဘေးကနေ ကပ်ရပ်ပါလာသည်။ သိတာပေါ့။ ဒီကောင်လေးက လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းက ရဂုံ့နောက်ကို လိုက်နေတတ်သည့်သူ။ ပုံစံက အမြင်ကတ်စရာကောင်းအောင် ဖရိုဖရဲနှင့် မျက်နှာချောချောလေး ကယ်နေလို့သာပဲ တော်သေးသည်။ရဂုံ့ကိုမြင်သည်နှင့် အမြဲတမ်း တလက်လက် တောက်ပနေသည့် မျက်လုံးတွေနှင့် လိုက်ကြည့်ကာ သဘောကျကြောင်းလည်း တရားဝင်ဝန်ခံထားသည့်သူ။ စီးပွားရေး နယ်ပယ်မှာ နာမည်ကြီးသည့်လူတွေသာ ကျင်းပသည့် ဧည့်ခံပွဲတွေမှာ တွေ့ဖူးနေကျမို့ နောက်ခံအင်အား ကလည်း မသေးဘူးဆိုတာ ခန့်မှန်းမိသည်။ သို့ပေမယ့် ရဂုံ့က အဲ့ကောင်လေးကို သဘောမှမကျ။
"မမ. စကားလေးဘာလေး ပြောပါဦး။"
"မင်း တို့နောက်ကို လိုက်နေတာလား ရှိန်းဇေယျာ"
YOU ARE READING
ချစ်သောကရယ်တဲ့.. ကင်းစေလို.
Romantikအချစ်မှာ သောကတို့ ကင်းဝေးစေချင်ပေမဲ့ ချစ်သော ဒီသောကကင်းဝေး နဲ့တော့......