အခုဆိုရင် ဆော့ဂျင်ဟာ London သို့ရောက်ရှိသွားပြီဖြစ်ကာ အစစအရာရာအသစ်ဖြစ်နေတာမို့ နေသားကျအောင်ကြိုးစားနေရသည်။ဂျောင်ကုနဲ့ ရောက်ရောက်ချင်းတစ်နေ့ပဲ video call ခေါ်ကာ စကားကောင်းကောင်းပြောဖြစ်ခဲ့ကြပြီး နောက်ရက်တွေမှာတော့ အလွမ်းသည်ဖို့အချိန်မရနိုင်အောင် အာရုံစိုက်စရာတွေကများလွန်းတော့ ကျောင်းမတက်ခင်ကတည်းက လူရောစိတ်ပါအားမနေရပေ။
ကိုရီးယားကနေထွက်ခွါခဲ့တဲ့နေ့က နောက်ဆုံးအချိန်ထိ ဂျောင်ကုရဲ့အနားမှာနေပြီး မျက်နှာလေးကိုမြင်တွေ့သွားချင်ပေမယ့်... ဂျောင်ကုက သူ့အားလေဆိပ်သို့လိုက်မပို့ခဲ့...။ ဆော့ဂျင်ကို ကားပေါ်ကိုပြန်ဆွဲမတင်ဘူးလို့ ကိုယ်အာမ.မခံနိုင်တာမို့လို့ မလိုက်ခဲ့ပါရစေနဲ့ဆိုပြီး အခန်းထဲမှာသူ့အားကျောခိုင်းရင်း ကျန်ခဲ့လေသည်။
ဆော့ဂျင် သူ့ဘေးနားမှာမရှိတော့တဲ့အချိန်ကစပြီး ဂျောင်ကုတစ်ယောက် အလွမ်းဒဏ်ကိုအံတုရင်း နေ့ဘက်မှာ အလုပ်ထဲကောင်းကောင်းအာရုံမစိုက်နိုင်သလို ညဘက်တွေမှာဆိုရင်အခန်းထဲမှာ တစ်ယောက်တည်းအလဲလဲအပြိုပြို...။
ဆော့ဂျင်ဘက်က သူ့အတွက်အချိန်ပေးရန်ခက်ခဲနေသည်မို့ ချစ်ရသူကိုလဲအပြစ်မတင်ရက်ပေ။ တွေ့ရမယ့်ရက်ကိုသာလက်ချိုးရေရင်း သူတစ်ယောက်တည်း အလွမ်းညတွေကိုဖြတ်ကျော်ခဲ့ရတာ အခုဆိုရင်နှစ်လကျော်ခဲ့ပြီ။
တစ်လတစ်ခါလိုက်လာမည်ဆိုသော ဂျောင်ကုရဲ့အစီစဉ်အား သုံးလတစ်ခါသာလာရန် ဥာဏ်နီဥာဏ်နက်တွေထုတ်သုံးပြီး သူ့မှာမနည်းညှိနှိုင်းခဲ့ရသည်။ သူ့အတွက်ကြောင့်နဲ့ ဂျောင်ကုအပေါ် BOD အဖွဲ့ဝင်တွေရဲ့ အလုပ်အပေါ်စိတ်ဝင်စားမှုနည်းတယ်လို့ အထင်မခံစေချင်ပါ။
Tae ပြန်ပြောလို့သိရသည်က ဂျောင်ကုတစ်ယောက် အလုပ်ထဲမှာလဲ စိတ်နဲ့ကိုယ်မကပ်ဟုဆိုသည်။ ဒါကြောင့် မနက်ကသူအစောကြီးထကာ ဂျောင်ကုနဲ့ video call ပြောဖြစ်ခဲ့သည်။ တစ်ပတ်အတွင်းမှာချောင်ကျသွားတဲ့သူ့ရဲ့မျက်နှာလေးကိုကြည့်ကာ ဂျောင်ကုက စိတ်မကောင်းဖြစ်နေသေးသည်။