>> Unicode <<
~~~~~~~~~~~~
" မြေကွက်ကတော့ နေရာကောင်းပဲပြောရမယ် ကိုဩဂတ်စ်၊ လွန်ခဲ့တဲ့နှစ်နှစ်လောက်အထိက ရွာလိုပဲဖြစ်နေတာ၊ ဒီနှစ်ထဲမှာတော့ မြေကွက်ဝယ်ပြီး အိမ်ဆောက်တဲ့သူတွေလည်းရှိလာပြီ၊ လမ်းလည်းခင်းနေပြီဆိုတော့ စည်လာဖို့ပဲရှိတော့တယ် "
ဥက္ကာပြောတဲ့ မြေကွက်အသစ်အကြောင်းနားထောင်နေစဉ် မြင်ကွင်းထဲရောက်တာက အေပရွန်ဝတ်ထားတဲ့ သံသာလင်းရိပ် ။
" ကိုယ်တိုင်သွားကြည့်ချင်သေးတယ်၊ အဲ့ဒီဘက်ကိုချိန်းပေး "
" ဟုတ်ပြီ ကျွန်တော်ချိန်းလိုက်မယ်၊ ကိုဩဂတ်စ် ဘယ်ရက်လောက်သွားချင်လဲ "
" ငါကအဆင်ပြေပါတယ်၊ မင်းပဲအချိန်ညှိလိုက်တော့ "
ခေါင်းညိတ်ကာ ဥက္ကာကပြန်ဖို့ပြင်ဆင်နေ၏။ သံသာလင်းရိပ်ကလည်း သူတို့ရှိတဲ့ဧည့်ခန်းဘက်ကိုရောက်လာရင်း...
" ထမင်းစားလို့ရပြီနော် ဩဂတ်စ် ၊ ကိုဥက္ကာလည်းစားသွားပါလား "
" တော်ပြီကိုလင်းရိပ် ကျွန်တော်အပြင်မှာစားခဲ့ပြီးပြီ၊ ကျွန်တော်သွားပြီနော် ကိုဩဂတ်စ် "
ဩဂတ်စ်ကိုပြောပြီး လင်းရိပ်ကိုပါနှုတ်ဆက်ကာ ဥက္ကာလည်းပြန်သွားသည်။ အနားမှာရပ်နေသေးတဲ့လင်းရိပ်ဟာ ဩဂတ်စ်ကိုပြုံးပြ၏။ ထူးထူးဆန်းဆန်းတွေလာလုပ်နေပုံက တကယ်လန့်စရာ။
" ဘာကြည့်နေတာလဲ၊ ထမင်းစားလို့ရပြီလို့ "
" မဆာသေးဘူး "
" ဒါဆို ငါစားတော့မယ်နော် "
ပြောပြီး လှည့်ထွက်သွားသည်။ စည်းနှောင်ထားတဲ့ဆံပင်ရှည်ဟာ ဝဲခနဲ။ ထိုအချိန် အပေါ်ထပ်မှဆင်းလာတဲ့ ကေဇင်ကလည်း ပြောစရာတစ်ခုခုရှိသလိုအနားကိုရောက်လာတာမို့ ဩဂတ်စ်ထမသွားနိုင်သေး။
" ကိုကြီးဩဂတ်စ် မနက်ဖြန်ကေဇင်သွားတော့မယ် "
" မနက်ဖြန် ? အလုပ်ကအဆင်ပြေလို့လား "
" ဒေါ်လေးရဲ့မိတ်ဆွေကကူညီပေးလို့ အဆင်ပြေသွားပြီ၊ တိုက်ခန်းလည်းပေးထားတော့ နေဖို့လည်းရတယ်လေ "
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)