>> Unicode <<
~~~~~~~~~~~~
ထော်လာဂျီပေါ် တစ်ယောက်တစ်ဖက်စီထိုင်နေရင်း ဩဂတ်စ်ဧဿန်ရဲ့ရုပ်ဟာ မှုန်ကုပ်ကုပ်။ တစ်ဖက်က သံသာလင်းရိပ်မှာတော့ အပြစ်အကြီးကြီးကျူးလွန်ထားသူလို တိတ်တိတ်လေးသာထိုင်နေပြီး လယ်ကွင်းများကိုငေးနေ၏။ နှစ်ယောက်သားရဲ့ကိုယ်ပေါ်မှာလည်း ရွာသားတွေပေးဝတ်လိုက်သည့် ခပ်နွမ်းနွမ်းရှပ်အင်္ကျီများနှင့် ပုဆိုးတွေကိုယ်စီ။ ရေပေးချိုးကာ ထိုသို့အဝတ်စားတွေပေးတာကိုပဲ ကျေးဇူးတင်ရမည်။
လှုပ်လီလှုပ်ပဲ့ထော်လာဂျီဖြင့်သာ ဩဂတ်စ်ရဲ့ကားရပ်ထားတဲ့နေရာကိုပြန်ရောက်လာ၏။ မောင်းတဲ့ရွာသားက စေတနာဖြင့်ကူညီပေးသော်လည်း သူတို့တွေကြောင့်ပဲ ကိုယ်အဆင်ပြေရတာမို့ ဩဂတ်စ်က လက်ဖက်ရည်ဖိုးဆိုကာ ရက်ရက်ရောရောပေးလိုက်သည်။
" ယူပါအကို ရိုင်းတယ်လို့မထင်ပါနဲ့၊ တကယ်ကျေးဇူးတင်လို့ပေးတာပါ.. အကိုတို့သာမကူညီရင် ကျွန်တော်တို့ ရွှံ့လူးထားတဲ့အတိုင်းပြန်ရမှာ "
လင်းရိပ်ကလည်း ဝင်ပြောသည်။ ထိုအခါမှ ကွမ်းစားထားတဲ့ထိုရွာသားအကိုက ပြုံးပြုံးရွှင်ရွှင်လက်ခံသည်။
" အေးပါကွာ လိုအပ်နေတော့လည်းကူညီရမှာပေါ့၊ မင်းတို့ရှာချင်တဲ့လူကိုလည်း နောက်ရက်ကျလာကြည့်ဦးလေ၊ ×××× ရွာဆိုတာက ဒီနေရာလေးပဲမဟုတ်ဘူးကွ၊ ဟိုဘက်အနောက်ပိုင်းအထိ ပေါက်တယ် "
အကို့ရဲ့စကားကြောင့် လင်းရိပ်ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးပြန်သမ်းလာ၏။ ရွာအနောက်ဘက်ကိုဆက်သွားဖို့ရာ အချိန်မမီတော့တာကြောင့် သူတို့ပြန်ရခြင်းပေ။ ဩဂတ်စ်ကတော့ နောက်တစ်ခေါက်ထပ်လာမယ်ဟု ပြောထားသည်။
ထိုသို့ဖြင့် နှစ်ယောက်သားပြန်လာကြတဲ့လမ်းမှာ ကားထဲမှာတိတ်ဆိတ်လို့။ ဩဂတ်စ်ကလည်း ထော်လာဂျီပေါ်တည်းက မှုန်ကုပ်နေတဲ့မျက်နှာထားကို အခုထိမလျှော့သေး။
ခဏကြာမှ လင်းရိပ်က..
" ဩဂတ်စ် "
" ..... "
" စိတ်ဆိုးနေတုန်းလား "
" ..... "
" ငါလည်း တမင်လုပ်တာမဟုတ်ပါဘူးဆို၊ ငါတို့ဘက်ကို မြွေလာနေတာက အရမ်းမြန်နေတော့ ငါလည်းလန့်သွားတာပေါ့ "
![𝐁𝐞 𝐌𝐲 𝐀𝐮𝐠𝐮𝐬𝐭 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]](https://img.wattpad.com/cover/365341925-64-k790064.jpg)