အခန်း ၁၀ - ရှာဖွေတွေ့ရှိခြင်း
သယ်ယူပို့ဆောင်သည့် လေယာဉ်သည် ဖြည်းဖြည်းချင်း နှိမ့်ဆင်းလိုက်ပြီး ယာယီသုံး ပြေးလမ်းမပေါ်သို့ လျှောဆင်းလိုက်သည်။ လေယာဉ်ရပ်တော့မည့်အချိန် တွင် လုရန်ခုန်းနှင့် လန်ယွီသည် ဘေးချင်းကပ်ရပ်ကာ လေယာဉ်တံခါးပေါက်ကိုတင်းတင်းဆုပ်ကိုင်ထားကြပြီး သူတို့နောက်တွင်တော့ တပ်သားများ တန်းစီကာ ရပ်နေကြသည်။
လေယာဉ်နောက်ပိုင်းမှ တံခါးမှာ ဖြည်းဖြည်းချင်းပွင့်သွားပြီး လေနှင့်အတူ အဝါရောင်သဲများပါ ဝင်လာသည်။ လန်ယွီသည် မျက်လုံးကို ချက်ချင်းမှိတ်ပစ်လိုက်ပြီး လေတိုးနေတာရပ်သွားသောအခါ သူ့ပါးစပ်ထဲမှ ငံကျိကျိ သဲမှုန်များကို ထွေးထုတ်ပစ်လိုက်သည်။
“လေယာဉ်ပေါ်ကဆင်းကြမယ်”
တပ်သားများသည် လေယာဉ်ခန်းထဲမှထွက်လိုက်ပြီး လေယာဉ်ခန်း၏ တံခါးဝတွင်ရှိသော ကိရိယာတစ်ခုရှေ့မှဖြတ်ကာ သူတို့ဘယ်ဘက် လက်ကောက်ဝတ်တွင် သတ္တုကွင်းလေးတစ်ခု တပ်ဆင်ပေးသည်ကို ခံလိုက်ကြသည်။ တစ်ချိန်ထဲမှာပဲ ညာဘက်တွင်ရှိသော လက်နက်ခဲယမ်းထားသော အပတ်မှ အဏုမြူသေနတ်နှင့် စစ်ပစ္စည်းကိရိယာများထည့်ထားသော အိတ်ကို ဆွဲယူလိုက်ကြသည်။
တပ်သားများအားလုံးလေယာဉ်ပေါ်မှ ဆင်းပြီးသည်နှင့်လုရန်ခုန်း လန်ယွီဘက်သို့ကြည့်လိုက်သည်။
လန်ယွီလည်း သူ့ဘက်သို့ ပြန်ကြည့်နေသည်။လုရန်ခုန်း အော်လိုက်သည်။
“ဘာတွေစောင့်နေသေးတာလဲ၊ မင်းအလှည့်လေ”
လန်ယွီချက်ချင်းပဲ သူ့ဘယ်ဘက်လက်ကို ကိရိယာဆီတင်လိုက်သည်။ ကလစ်ဆိုသောအသံတစ်ခုနှင့်အတူ သူ့လက်ကောက်ဝတ်မှာ အေးခနဲခံစားလိုက်ရပြီး သတ္တုကွင်းမှာ မြဲမြဲမြံမြံ ပတ်ပြီးပြီဖြစ်သည်။ သူအဏုမြူသေနတ်ကို လက်နက်ခဲယမ်းထားသောအပတ်မှ လှမ်းယူလိုက်ပြီး စစ်စ္စည်းကိရိယာအိတ်ကို သူ့ဂျိုင်းအောက်တွင်ညှပ်ကာ တစ်မီတာလောက်အမြင့်ရှိသည့် လေယာဉ်တံခါးပေါက်မှပင် လုရန်ခုန်းနောက်မှလိုက်ပြီး ခုန်ဆင်းလိုက်သည်။
သက်ဆင်းလိုက်တဲ့မြေပြင်မှာ အရမ်းပျော့နေရာ သူ့ဘွတ်ဖိနပ်တစ်ဝက်လောက်ပါ သဲထဲနစ်ဝင်သွားပြီး မျက်စိနဲ့ မြင်နိုင်သမျှ အကွာအဝေးတစ်ခုလုံးမှာလည်း သဲသောင်ပြင်ကြီးသာဖြစ်သည်။ ဒီနေရာမှာ ကာတာဂြိုလ်ရဲ့ အကြီးဆုံး မြေရိုင်းလွင်ပြင် တစ်ခုဖြစ်ပြီး လူမရှိတဲ့ ကျွန်းတစ်ခုလည်းဖြစ်သည်။များသောအားဖြင့် ပုံမှန်မဟုတ်သည့် အချက်ပြမှု တစ်ခုခုရမှသာ ကင်းလှည့်တပ်မှ လာရောက်စစ်ဆေးတတ်ခြင်းဖြစ်သည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation