အခန်း ၁၁ - တော်တော်ကို ဟိတ်ဟန်များတယ်
လုရန်ခုန်း တာမီနယ်ကို ချလိုက်ပြီးနောက် သူ့မျက်နှာမှာ ဆူပုတ်နေကာ စိတ်ပျက်လက်ပျက်ဖြင့် ဘောင်းဘီအိတ်ကပ်ထဲမှ စီးကရက်ဘူးကို ဆွဲထုတ်လိုက်သည်။ သူစီးကရက်တစ်လိပ်ထုတ်လိုက်ပြီး အင်္ကျီအိတ်ကပ်ထဲသို့ကြည့်လိုက်သောအခါ မီးခြစ်မရှိသည်ကို တွေ့လိုက်ရ၍ သူနှင့်သိပ်မဝေးသောနေရာတွင်ရှိသော တပ်သားထံမှ မီးခြစ်တောင်းရန် လက်မြှောက်လိုက်သည်။ သို့ပေမယ့် လက်မြှောက်လိုက်ပြီးနောက်မှ ပြန်ချလိုက်ပြန်သည်။သူစီးကရက်ကို လက်ကကိုင်ထားလျက်ပင် ရောက်တတ်ရာရာ တွေးနေမိသည်။
တပ်သားများမှာ သူတို့အားအင်တွေ ပြန်ပြည့်လာပြီဖြစ်၍ ရယ်မောစနောက်နေကြပြီဖြစ်ရာ သူ့နားထဲသို့ရောက်လာသောနောက်ခံအသံမှာ ရေနက်နက်ထဲမှလာသော အသံကဲ့သို့ ဝိုးတိုးဝါးတားဖြစ်နေသည်။
"ရှောင်ခုန်း မေမေသားအတွက် ဘာချက်ထားလဲ ခန့်မှန်းကြည့်ပါဦး"
အမျိုးသမီးတစ်ဦးသည် သူ့ရှေ့ထိုင်လိုက်ကာ နူးနူးညံ့ညံ့ ညင်ညင်သာသာဖြင့် မေးနေသည်။ထိုပုံရိပ်မှာ နေနှင့်ဆန့်ကျင့်ဘက်ဖြစ်နေ၍ ပုံရိပ်မှာ ပြတ်ပြတ်သားသားမမြင်ရဘဲ ဝါးတားတားဖြစ်နေသည်။
"ရှောင်ခုန်းကတော်လိုက်တာ ခန့်မှန်းတာမှန်သွားပြီ"
"ဒါဆို မေမေ ဆုချတဲ့အနေနဲ့ သားကို တစ်ခုပိုကျွေးလို့ရမလား"
ထိုအမျိုးသမီးသည် သူ့ခေါင်းကို သူ့လက်ဖဝါးနွေးနွေးလေးဖြင့် နူးနူးညံ့ညံ့ ပွတ်လိုက်ပြီး
ဘန်း ဘန်း ဘန်း!
ဆက်တိုက်ထွက်လာသော သေနတ်သံ ကျယ်ကျယ်လောင်လောင်က သူ့အတွေးတွေကို လှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုသည် သူ့စိတ်ကတုံ့ပြန်မှုထက်ပင်မြန်ကာ သေနတ်ကိုလက်မှဆွဲကာ ကျောဘက်သို့ပို့လိုက်ပြီး လွှားခနဲ ခုန်ထွက်လိုက်သည်။
ခြေချောင်းအများကြီးဖြင့် အင်းစက်ပုံ ကြယ်တာယာသားရဲ သူ့မြင်ကွင်းရှေ့သို့ ရောက်ရောက်ခြင်း သူ့ခန္ဓာကိုယ်မှာ အလင်းပွင့်သွားသကဲ့သို့ဖြစ်သွားကာ ပြေးထွက်သွားသည်။
လန်ယွီသည် ထိုပိုးဟပ်ကောင်ကြီးကို ပစ်လိုက်သောအခါ ကျည်ဆံများမှာ ထိုအကောင်ကြီး၏ အခွံမာမာများကိုသွားထိကာ သတ္တုကိုသွားထိမိသော အသံကဲ့သို့ ထွက်လာပြီး မီးပွားများ လွင့်စင်လာသည်။
ထိုပိုးဟပ်ကောင်ကြီး၏ ခန္ဓာကိုယ်မှာ ကျည်ဆံဖြင့် ထိခတ်မှုကြောင့် တုန်သွားပြီး သူ့ခြေချောင်းကြီးများမှာ စတင်လှုပ်ရှားလာကာ နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်သွားသည်။
"ရပ်လိုက် ၊ ရပ်လိုက်"
တစ်ယောက်ယောက်က ရပ်ဖို့အော်ပြောနေပေမယ့် လန်ယွီ လျစ်လျူရှူထားကာ လက်ချောင်းများကို မောင်းတံပေါ်တင်လိုက်ပြီး ပစ်ချလိုက်ရာ အဏုမြူ သေနတ်ထိပ်ဝမှ မီးပွားများ ရှေ့သို့ ထွက်သွားသည်။
လက်တစ်ဖက်က သူ့သေနတ်ပြောင်းဝကို ဆွဲယူလိုက်ကာ အပေါ်ဘက်သို့ မြှောက်ပစ်လိုက်ပြီး ကျည်ဆံများကို လေထဲတွင်သာ ပစ်ထုတ်လိုက်ပြီး လုံခြုံရေးစနစ်ကို ပိတ်ပစ်လိုက်သည်။
အရိပ်တစ်ခု သူ့ဘေးမှဖြတ်သွားပြီး ရပ်နေသေးသော ပိုးဟပ်ကောင်ကြီးဆီသို့ ပြေးသွားသည်။ သဲတစ်ဝေ့ သူ့ရှေ့တွင် ဖွားခနဲဖြစ်သွားပြီး ခေါင်းတွင်အမွေးများနှင့် ဇလုံတစ်လုံးအရွယ်အစားလောက်ရှိသော အင်းစက်၏ခေါင်းနှင့် ခြေချောင်းများမှာ လန်ယွီခြေထောက်ရှေ့သို့ တအိအိအသံမြည်ကာ လိမ့်လာပြီး အရည်ကြည်ကြည် ချွဲကျိကျိအရည်များ ပန်းထွက်ကာ လန်ယွီ၏ ဘွတ်ဖိနပ် ပေါ်သို့စင်သွားသည်။
လုရန်ခုန်းမှာ သူ့ဓားမြောင်ကို လက်ထဲတွင်ကိုင်ထားကာ လန်ယွီကို မျက်မှောင်ကြုတ်ကာ ကြည့်လျှက် မေးသည်။
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation