အခန်း ၂၆ - မင်းကို ဖက်ထားပေးမယ်
ရေချိုးဆောင်ကို ရှာရန်အတွက် ရေချိုးပြီးသူများ နောက်သို့ လိုက်သွားသောအခါ ရေချိုးဆောင်ရှေ့တွင် ထောင်စောင့်နှစ်ဦး ထိုင်ခုံပေါ်တွင် ထိုင်လျက် စကားပြောနေကြသည်။တံခါးကို တွန်းဖွင့်လိုက်ရာ အထဲတွင် ရေကျသံမကြားရတော့ဘဲ ထောင်သားတချို့မှာလည်း အပြင်ဘက်အခန်း ဗီရိုရှေ့တွင် အဝတ်လဲပြီးနေကြပြီဖြစ်သည်။
ထိုသူများ အားလုံး ထွက်လာသောအခါမှသာ လန်ယွီလည်း လေးတိလေးကန် လုပ်မနေတော့ဘဲ အဝတ်များ ချွတ်ဖို့ ပြင်တော့သည်။လုရန်ခုန်း ဗီရိုသို့ ငုံ့ကာ ကြည့်နေစဉ်တွင် သူအမြန် တစ်ကိုယ်လုံး ချွတ်လိုက်ပြီး ဇလုံကို ကောက်ယူတာ အတွင်းခန်းထဲသို့ လှစ်ခနဲပြေးဝင်လိုက်သည်။
ကြုံရာ အခန်းကို ရွေးလိုက်ပြီး တံခါးကိုအမြန်ပိတ်လိုက်ကာ ရေပန်းကိုဖွင့်လိုက်သောအခါ ရေပူများ ကျလာသည်။ သူခေါင်းမော့ကာ မတ်တပ်ရပ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးပေါက်များ ပွင့်ထွက်လာသလို ခံစားရကာ အသက်ပြန်ဝင်လာသလိုပင်။ တစ်ယောက်ယောက် တစ်ဖက်ခန်းသို့ ဝင်လာပြီး ရေကျသံကြားလိုက်ရသည်။
“ဘယ်လိုလဲ?သက်တောင့်သက်သာ ရှိသွားပြီလား ဟင်?”
ရေချိုးဆောင်တစ်ခုလုံးမှာ အလွတ်ကြီး ဖြစ်နေရာ လုရန်ခုန်း အသံမှာ ပဲ့တင်သံထပ်နေသည်။
“သက်တောင့်သက်သာဖြစ်တယ်”လန်ယွီ ကျေနပ်အားရနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
“ပြီးရင် ငါ့ကျောကုန်းကို ကူတိုက်ပေးမလား? ငါပြီးရင် မင်းကိုလည်း တိုက်ပေးမယ်လေ”လုရန်ခုန်းပြောလိုက်သည်။
“မလုပ်ပေးဘူး!”လန်ယွီ ပြင်းထန်စွာ ငြင်းဆန်လိုက်ပြီး
“ငါနောက်ကျော တိုက်ရတာ မကြိုက်ဘူး”
လုရန်ခုန်း တဟားဟားအော်ရီလိုက်ပြီးမှ ဆပ်ပြာတိုက်လိုက်တော့သည်။ဆပ်ပြာသည် ရေနှင့်ထိသော အခါ ချောလာပြီး သတိမထားမိလိုက်ဘဲ ကြမ်းပြင်ပေါ်ကျသွားသည်။သူ ကြမ်းပြင်ပေါ်မှ ဆပ်ပြာကို ကုန်းယူရန် ငုံ့လိုက်သောအခါ မရည်ရွယ်ဘဲ သူ့မျက်လုံးသည် တစ်ဖက်သို့ ဖြတ်ခနဲ ကြည့်မိသွားပြီးနောက် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
အခန်း၏ အောက်ခြေသည် ရှင်းလင်းနေပြီး သူ့မျက်လုံးများသည် ချောမွေ့ သွယ်လျနေသော ခြေတံရှည်နှစ်ချောင်းကိုသာ ကြည့်နေမိသည်။ သူမကြာခန တပ်သားများနှင့်အတူ ရေချိုးဖူးသည်။ သူထိုသူတို့၏ ခြေထောက်ကို သတိမထားမိသော်လည်း သူ့အမြင်တွင် တုတ်တုတ်ခိုင်ခိုင် ခြေမွှေးရှည်ရှည်များဖြင့် ဖြစ်သည်။
သူထိုကဲ့သို့ ဖြူဝင်းကာ ချောမွေ့နေသော ခြေတံမျိုး မမြင်ဖူးခဲ့ပါ။ရေစက် ရေပေါက်ကလေးများ တွဲခိုနေသည်မှာ ကြွေထည်ကို ရေပေါက်ကလေးများ ကပ်ညှိနေသကဲ့သို့ပင်။
လုရန်ခုန်း စက္ကန့်အနည်းငယ်လောက် တောင့်တင်းနေပြီးမှ ဆပ်ပြာကို ဆုပ်ကိုင်ကာ မတ်တပ်ပြန်ရပ်လိုက်သည်။
“ငါပြောမယ် ဒါကအများသုံးရေချိုးခန်းနော် မင်းတခြားအရာတွေ လုပ်လို့မရဘူး”
YOU ARE READING
စင်ကြယ်တဲ့အိုမီဂါလေးက ရက်စက်တဲ့ကာနယ်အဖြစ် ဟန်ဆောင်နေရတယ်
Romanceဘာသာပြန် By Legacy Novel Translation