Yuriက ဈေးဝယ်တွန်းလှည်းထဲသို့ ရေချိုးခန်းသုံး Milk Bath တစ်ဗူးနှင့် မျက်နှာသစ်ဆပ်ပြာတစ်ဗူး ထပ်ထည့်လိုက်သည်။
ဟိုကောင်မလေးကတော့ ဘယ်လိုပစ္စည်းမျိုးသုံးနေကျလဲ မသိ။ သူမကတော့ သူမအကြိုက် Bath & Body Worksမှ ဖြန့်ချီသော Signature Collection အမျိုးအစားကိုသာ ရွေးဝယ်နေခြင်းဖြစ်သည်။
အဝတ်အစားတွေကိုတော့ Fanyက သူပဲရှာဝယ်လာမည်ဟုပြော၏။ ဒါတွေကတော့ သူမထက်စာရင်အမြင်ရှိတဲ့ Fanyဝယ်တာက ပိုသင့်တော်လိမ့်မည်ဟုထင်သည်။
လောလောဆယ်မှာ Yuriကတော့ Jessicaအတွက် ရေချိုးခန်းသုံးပစ္စည်းများနှင့် သွားပွတ်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်တဘက်အကြီးတို့လောက်ဝယ်လျှင် အတော်အတန်ပြည့်စုံပြီဟု ယူဆလိုက်၏။
အလှပြင်ပစ္စည်းတွေကတော့ Fanyပဲ ကြည့်ဝယ်လိမ့်မည်ထင်သည်။
'အင်း ..... ဒါလေးလည်း ဝယ်သွားရင်ကောင်းမလားမသိဘူး'
အသင့်ရေဖျော်ပြီး လိမ်းလို့ရသော သနပ်ခါးဗူးကိုတွေ့သောကြောင့် Yuriဝယ်ချင်စိတ်ပေါက်သွား၏။ စင်ကာပူမှာ မြန်မာပြည်ကလာသော ပစ္စည်းတွေကလည်း ပိုက်ဆံရှိပြီး ရှာတတ်လျှင် အစုံရနိုင်သည်ပင်။
Yuriက သနပ်ခါးဗူးကို ဈေးဝယ်တွန်းလှည်းထဲသို့ ကောက်ထည့်လိုက်၏။
ပြီးတော့ အိမ်တွင်းစီးဖို့ အဝတ်ဖိနပ်တစ်ရန်ကိုလည်း ထည့်လိုက်သည်။ အင်း .... တော်တော်တော့စုံသွားပြီ။
ကိုယ့်အတွက် ကိုယ်ဝယ်လျှင်တောင် အဲသည်လောက် ထောင့်စေ့အောင် ဖွယ်ဖွယ်ရာရာ မစဉ်းစားမိခဲ့။
ဝယ်ထားသောပစ္စည်းတွေအားလုံးအတွက် ပိုက်ဆံရှင်းပြီးထွက်လာခဲ့သည်။ အရောင်းပြခန်းတစ်ခု၏ရှေ့သို့ ဖြတ်လျှောက်တော့ မှန်သားကာထားသော နမူနာပုံစံ အလှပြခန်းထဲမှာ မိန်းမစီးဖိနပ်လှလှကလေးများကို တွေ့လိုက်ရသည်။
ချက်ချင်းလိုလိုပင် ဖိနပ်ဝယ်သွားရင်ကောင်းမလားမသိဘူးဆိုသည့် အတွေးက Yuriစိတ်ကူးထဲမှာ ဖျတ်ခနဲပေါ်လာ၏။
Jessica တစ်ယောက်လောလောဆယ်မှာ Fany၏ဖိနပ်ကို ယူစီးနေတာတော့ တွေ့သည်။ Fany၏ခြေထောက် Sizeနှင့် အရွယ်အစားချင်း အတူတူပင်ဖြစ်မည်။
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .