Yuriက သူမ၏ဝင်သက်ထွက်သက်တစ်ချက်ချင်းစီကို တန်ဖိုးထားပြီး ဖြည်းဖြည်းချင်း ရှူသွင်းနေမိသည်။ သူမ၏နောက်ဆုံးအချိန်သည် အချိန်မရွေးရောက်လာတော့မည်မှန်း သူမသိသည်။
ပက်လက်လဲလျောင်းနေရာမှပင် ထနိုင်ထိုင်နိုင်လုပ်ဖို့ရာ မတတ်စွမ်းသာတော့သည်ပဲ။
သူမရင်ဘတ်ပေါ်မှာ Sica၏ ဂျပ်ခုပ်လွယ်အိတ်အနီရောင်လေးကို တင်ထားသည်။ ပြီးတော့ Sica၏ဓာတ်ပုံကလေး။
သေခြင်းတရားက အရာအားလုံးကို စုပ်ယူဝါးမြိုသွားသည့်တိုင် ဤကမ္ဘာမြေပြင်ပေါ်တွင် အမှတ်တရဖြစ်စရာတွေကတော့ ကျန်ရစ်နေဦးမည်မဟုတ်ပါလား။
Yuriက သူမကုတင်ဘေးလက်တစ်ကမ်းစာအကွာတွင် ရှိနေသော ဗီဒီယိုပြစက်အဝေးထိန်းခလုတ်ကို လှမ်းပြီးနှိပ်လိုက်သည်။
ကုတင်ခြေရင်းနံရံတွင်ကပ်ထားသော ဖန်သားပြင်ပါးပါးလေးပေါ်၌ Sica၏လှုပ်ရှားနေသော အရုပ်များပေါ်လာသည်။
SUNTEC TOWER FIVE ဟု စာလုံးတွေထွင်းကပ်ထားသည့် အနက်ရောင်ကျောက်သားပြင်ကိုမှီကာ Sicaက သစ်ပင်တွေခုံတန်းရှည်တွေရှိရာဘက်ဆီ ငေးကြည့်နေသည့်ပုံကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သူမထပ်ပြီး မြင်နေရပြန်သည်။
Sica ပြန်သွားပြီးကတည်းက သူမ၏လှုပ်ရှားမှုများ စကားပြောသံများကို ရိုက်ကူးထားသည့် ဟောဒီ DVD အချပ်ကိုသာ ဖွင့်ပြီး နေ့ကောညပါ ထိုင်ကြည့်နေဖြစ်ခဲ့သည်။
ကြည့်တိုင်းလည်း အမြဲရင်မောတသလွမ်းဆွတ်နေရစမြဲ။
ဟော ... အခွေထဲမှာ ကြိမ်ဖန်တလဲလဲ ကြားဖူးနေကျစကားကိုပင် သူမ မေးနေပြန်လေသည်။
'Yul ... ကြယ်ကြွေတာမြင်ဖူးလားဟင်'
'မြင်ဖူးတာပေါ့ .... Sicaရဲ့၊ ဘာဖြစ်လို့လဲ'
'ပန်းပွင့်တွေကြွေရင် မြေကြီးပေါ်ကျတယ်မဟုတ်လား၊ ကြယ်တွေကြွေရင် ဘယ်ပေါ်ကျသလဲဟင်၊ သိချင်လိုက်တာ'
ပူနွေးစွတ်စိုသော မျက်ရည်စတွေက မျက်ဝန်းအိမ်ထဲတွင် စုဖွဲ့အိုင်ထွန်းလာသောကြောင့် Yuri ကြည့်လက်စမျက်လုံးအစုံကို ခဏပိတ်လိုက်ရ၏။
ESTÁS LEYENDO
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
