နောက်တစ်နေ့ Clarke Quay သို့ Jessicaကိုခေါ်ပြီး Yuri လိုက်ပို့သည်။
ဒီတစ်ခေါက်မှာတော့ Wheel Chair တွန်းရသည်ကိုပင် Yuri မနည်းအားစိုက်နေရသည်။ ခြေလှမ်းလေးငါးဆယ်လှမ်းလှမ်းပြီးသည်နှင့် ရင်ထဲမှာလှိုက်ပြီး မောလာသဖြင့် ခဏရပ်ကာ အသက်ကို အားရအောင် ရှိုက်သွင်းရ၏။
Jessicaကတော့ဘာမှမသိရှာ။
Riversideတွင် သူတို့နှစ်ဦးသားရပ်မိကြတော့ Jessicaက မြစ်ဘက်ဆီမှအသံတွေကို ကြားလိုကြားငြား ခေါင်းကလေးငဲ့ကာ နားစွင့်နေ၏။
Yuriက ....
'အခု ... Yulတို့ မြစ်နားရောက်နေကြတာလေ၊ ဟိုးက မြစ်ထဲမှာ လှေကလေးတွေသွားနေတာ မြင်ရတယ်၊ Sica မှတ်မိတယ် မဟုတ်လား၊ အရင်တစ်ခေါက်တုန်းက ဒီနားမှာပဲ Sica မူးလဲတော့မလိုဖြစ်တာလေ'
'အင်း ... အင်း ... သိတယ်၊ တံတားကြီးက ဘယ်ဘက်မှာလဲဟင်'
စကားတတ်ခါစ ကလေးငယ်တစ်ယောက်၏ စူးစမ်းလိုစိတ်အပြည့်နှင့်အသံမျိုးဖြင့် သူမမေး၏။ Yuriက Jessica၏လက်ဝဲလက်ကို တယုတယကိုင်ကာ ဆန့်တန်းခိုင်းပြီး ....
'ဟောဒီဘက်တည့်တည့်မှာ Sicaရဲ့'
Jessicaက သူမ၏ ဦးခေါင်းကို ဟိုဘက်ဒီဘက်ငဲ့လိုက်ပြီး ....
'Sicaနားထဲမှာ အသံတွေအများကြီးကြားနေရတယ်၊ လူတွေ ရှုပ်ထွေးနေတာပဲလားဟင်'
'ဒီနားတစ်ဝိုက်မှာတော့ သိပ်မရှိဘူး၊ ဟိုအပေါ်ဘက်မှာတော့ လူတွေအများကြီး သွားလာနေကြတာပေါ့၊ တချို့က ကလေးလေးတွေကို ချီထားတယ်၊ တချို့တွေကျတော့လည်း သုတ်သုတ် သုတ်သုတ်နဲ့၊ အဖိုးကြီးက အဖွားကြီးကိုတွပြီး လျှောက်လာတာလည်း တွေ့ရတယ်သိလား၊ တချို့ကကျတော့လည်း ငယ်ငယ်ရွယ်ရွယ်စုံတွဲတွေပဲ၊ လက်ချင်းတွဲပြီး စကားတပြောပြောနဲ့'
'ဪ ... အင်း .... အင်း'
Yuriပြောသမျှကို Jessicaက ခေါင်းလေးအသာ စောင်းငဲ့ကာနားထောင်ရင်း အာရုံထဲတွင် ပုံဖော်ကြည့်နေ၏။ Yuriက ...
'ဟိုး ... မြစ်ပြင်မှာကျတော့ လှိုင်းလေးတွေကတအိအိနဲ့ သာယာလိုက်တာ၊ ထုံးစံအတိုင်း ကူးတို့မော်တော်လေးတွေက မြစ်ကိုဖြတ်ကူးနေကြတယ်၊ လူတွေကလည်း ဟိုဖက်ကမ်းကိုသွားဖို့ ကူးတို့ဆိပ်မှာ စောင့်လို့ပေါ့'
KAMU SEDANG MEMBACA
Tomorrow Programme
Fiksi Penggemar'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
