Part~1

2K 81 3
                                        

East Coast ရှိ မြက်ခင်းစိမ်းစိမ်းလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ကျောက်သားစားပွဲခုံတန်းလျားလေးတွေကြားမှ သူမဖြတ်လျှောက်လာခဲ့သည်။

ကွန်ကရစ်အုတ်သားခင်းစီထားသော လမ်းသွယ်ကလေးတွေပေါ်မှာ စက်ဘီးနင်းနေကြသူတွေ၊ စကိတ်စီးနေကြသူတွေကိုလည်း Yuri တွေ့နေရ၏။ လူငယ် အတော်များများကတော့ ကျောပိုးအိတ်ကလေးတွေလွယ်ကာ သွားလာနေကြသည်။ တစ်ချို့ကျတော့လည်း ခုံတန်းလျားလေးတွေပေါ်မှာ ဘီယာဗူးတွေတင်ကာ အုပ်စုဖွဲ့ထိုင်စကားပြောနေကြ၏။

Yuriက လူရှင်းမည်ဟုထင်ရသော ကမ်းစပ်ဘက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ကျောက်တုံးတွေကို အင်္ဂတေဖြင့်မံကာ ဆင်ခြေလျောဆန်ဆန် ကမ်းခြေအနားသတ်ဘောင်ခတ်ထားသော ကျောက်ဆောင်အနားသို့ရောက်တော့ Yuri ပင်လယ်ကြီးကို စိတ်လိုလက်ရကြည့်ရင်းထိုင်ချလိုက်၏။

ပင်လယ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေငွေ့ထဲမှာ နူးညံ့ခြင်းတွေကော ခက်ထန်ကြမ်းကြုတ်မှုတွေပါ ရောထွေးပြီးပါလာသည်ဟု ထင်ရ၏။

သူမရဲ့ဆံပင်စတွေ လေပြေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

ပင်လယ်လေက ခေါ်သံတွေကိုများ ယူဆောင်လာလေမလား။

မည်သူ့ဆီကမှန်းမသိသည့် ခေါ်သံကို နားစွင့်မိသည်။

▪️

ဟိုး . . . မှာ စကိတ်စီးနေကြသော လူငယ်နှစ်ယောက်။ တစ်ယောက်ကိုတစ်ယောက် လက်မြှောက်ပြပြီး အော်ဟစ်နှုတ်ဆက်နေကြသည်ကို မြင်ရ၏။

'နှုတ်ဆက်တယ်' ဆိုတာ ဘာလဲ။

လူတွေအချင်းချင်း နှုတ်ဆက်နေကြသည်မှာ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုဖို့ . . . နှင့် ကိုယ့်ကို အသိအမှတ်ပြုခံရဖို့အတွက်ဖြစ်သည်။

ဟုတ်တယ် . . . ။

ငါရှိနေသေးကြောင်း ပြောပြဖို့ လောကကြီးမှာ တစ်ယောက်ယောက်ကိုတော့ နှုတ်ဆက်ရတာပဲမဟုတ်လား။

ဒါပေမဲ့ . . . တစ်ခါတစ်ခါကျပြန်တော့လည်း လူတွေက နားလည်ရခက်သည်။ သေခါနီးဆဲဆဲဖြစ်နေသော လူမမာတစ်ယောက်ကို အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေက လာပြီးတွေ့ကြသည်ကို Yuri မကြာခဏမြင်ဖူး၏။

Tomorrow ProgrammeTahanan ng mga kuwento. Tumuklas ngayon