မနက်စောစော သူမ၏မျက်နှာပြင်ပေါ်မှာ ဝင်းဝါသောသနပ်ခါးစိုစိုကို တွေ့ရတော့ နံနက်ခင်းတစ်ခုလုံး အဝါရောင်သန်းသွားသည်ဟု ခံစားရသည်။
သနပ်ခါးရနံ့ကိုပင် မြန်မာပိတောက်ပန်းရနံ့လိုလို ထင်ယောင်ထင်မှား စိတ်ကူးယဉ်ချင်လာသည်။
Jessicaကတော့ Yuriဝယ်ပေးထားသည့် သနပ်ခါးဗူးကလေးကို လက်ထဲမှာ လှည့်ပတ်ဆော့ကစားနေသည်။ Yuriက . . .
'သနပ်ခါးဝါဝါလေးလိမ်းလိုက်တော့ နင်က ပိတောက်ပင်လေးတစ်ပင် ဖြစ်သွားသလိုပဲ'
Jessicaက သူမလက်ထဲက သနပ်ခါးဗူးလေးကို စားပွဲပေါ်သို့ ဒေါက်ခနဲ ပစ်ချလိုက်ရင်း . . .
'တကယ်တမ်းကျတော့ ငါက ဒီလို ရယ်ဒီမိတ်ဘူးတွေ လိမ်းချင်တာမဟုတ်ဘူး၊ ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးတုံးကို စိမ်ပြေနပြေပျစ်နှစ်နေအောင်သွေးပြီး လိမ်းချင်တာ၊ ကျောက်ပျဉ်ပေါ်မှာ သွေးလိုက်လို့ ထွက်လာတဲ့ရနံ့ကမှ သနပ်ခါးနံ့အစစ် .... '
Yuriက ပုခုံးတွန့်လိုက်ပြီး .....
'နင်လိမ်းချင်ရင် Fanyဆီမှာတော့ ရှိမလားမသိဘူး'
'ငါမေးကြည့်ပြီးပြီ၊ Fany က သူ့မှာ လက်ဆောင်ရထားတဲ့ သနပ်ခါးတုံးတော့ရှိတယ်၊ ဒါပေမဲ့ သွေးစရာကျောက်ပျဉ်မရှိဘူးလို့ သူတောင် မလိမ်းဖြစ်ဘူးတဲ့'
အဲ့သည့်စကားမှာတင် Yuriက သူမဆီရောက်လာမည့် အန္တရာယ်ကို ဖျတ်ခနဲကြိုမြင်လိုက်ပြီး ကမန်းကတန်း လမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်၏။
'အဲ့ဒါဆိုလည်း ထားလိုက်ပါတော့ဟာ၊ ကျောက်ပျဉ်မှာသွေးနေရတာက တကူးတက အချိန်ကုန်ပါတယ်၊ ဒီခေတ်ကြီးက အချိန်ကုန်သက်သာအောင် ရယ်ဒီမိတ်တွေသုံးရတဲ့ခေတ်လေ၊ ရယ်ဒီမိတ်သနပ်ခါးဗူးပဲ သုံးပါဟာ၊ ဪ ... ဒါနဲ့ ဒီနေ့ နင်ဘာစားချင်လဲ၊ နေ့လည်စာကို ဘာစီစဉ်လိုက်ရမလဲ'
Jessicaကလည်း လှစ်နေအောင်ပါးသည်။ Yuriလွှဲသော စကားလမ်းကြောင်းနောက်ကို မလိုက်၊ တမင်ပင် မျက်နှာကိုတည်ထားပြီး ......
'နေ့လည်စာကို ငါ မစဉ်းစားသေးဘူး၊ ငါ အခုစဉ်းစားနေတာ သနပ်ခါးသွေးဖို့ ကျောက်ပျဉ်အကြောင်းပဲ'
BINABASA MO ANG
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .