ချစ်ခြင်း၏ထိုးမြဲလက်မှတ်သည် သူမ၏နှုတ်ခမ်းထက်၌ ကမ္ဘာတည်သရွေ့ စွဲမြဲထင်ကျန်ရစ်နေပေဦးမည်။
အကြင်နာတရား၏နေရောင်ခြည်အောက်မှာ လမ်းအတူတူလျှောက်ကြမည်။ ကျပျောက်ဆုံးရှုံးသွားရစ်သော ခြေရာတစ်ချို့ကို မနက်ဖြန်ကျမှ သပိတ်လွယ်ငှက်တစ်ကောင်နှင့်အတူ ထည့်ပေးလိုက်ပါတော့မည်။ ရယ်သံများ၏ပုံတူကို ကျောက်ဖြူသားဖြင့်ထုဆစ်ထား၍ ပင်လယ်ကမ်းစပ်မှာ စိုက်ထူဖို့ မမေ့ပါနှင့်။
ပြီးလျှင် စင်္ကာပူနိုင်ငံကို 'အချစ်ကျွန်း'ဟု အမည်ပြောင်းလိုက်မည်။ ထိုအမည်ကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြစေသတည်း။
အချစ်ကျွန်းပေါ်မှာ သူတို့နှစ်ယောက် ခြေရာချင်းထပ်အောင် လျှောက်လည်ကြသည်။ ပင်လယ်ကိုကြည့်ကြသည်။ နေဝင်ဆည်းဆာချိန်ကိုကြည့်ကြသည်။ အရာရာတိုင်းကို အတူတကွခံစားကြသည်။ တစ်ခုတည်းသောလေကို ရှူရှိုက်၍ အသက်ရှင်ကြသည်။
နှစ်ယောက်အတူတူ အသက်ရှူရသည့်တန်ဖိုးသည် ရှင်သန်နေကြဆဲအချိန်ကာလမှာ အဓိပ္ပါယ်အရှိဆုံးဖြစ်လေသည်။
▪️
PULAU-UBIN မှာ နှစ်ယောက်အတူတူ ရှေ့နောက်စီးနင်းရသော စက်ဘီးကိုစီးကြတော့ Jessicaက .....
'ဘယ်သူကြောင့် ဘယ်သူကရွေ့နေရတာလဲ'
ဟုမေး၏။
Yuri ပြန်မဖြေနိုင်သေးဘဲ အကြာကြီး စဉ်းစားနေလိုက်ရသေးသည်။ ပြီးတော့မှ ....
'ချိန်းကြိုးကြောင့် ဘီးနှစ်ဘီးစလုံး ရွေ့နေတာပါ'
ဟုပြန်ဖြေလိုက်၏။
သူမတို့နှစ်ယောက်သည် ဘီးတစ်ဘီးစီဖြစ်ကြသည်ဆိုပါစို့။
ဟန်ချက်ညီညီ အတူရွေ့လျားကြဖို့ဆိုလျှင် သူတို့ကို ဆက်နွယ်ရစ်နှောင်ထားသော ချိန်းကြိုးတစ်ချောင်းတော့ ရှိဖို့လိုအပ်သည်မဟုတ်ပါလား။
▪️
အဲဒီကောင်မလေး သည်လိုပဲ ကတ်သီးကက်သပ်မေးခွန်းတွေမေးတတ်သည်။ ဟိုတစ်နေ့ကလည်း Suntec Tower ကို ရောက်တော့ Yuriက ထုံးစံအတိုင်း သူမအိတ်ထဲက Handy Cam ဗီဒီယိုကင်မရာလေးထုတ်ပြီး Jessica၏ လှုပ်ရှားမှုအားလုံးကို အစအဆုံး လိုက်ရိုက်နေ၏။
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
