သူမနေသော Doverနှင့် Clementiက သိပ်မဝေးသဖြင့် တော်သေးသည်။ ထိုသူတည်းသောတိုက်ခန်းကို ရောက်တော့ ......
'Y.....y..yu.....Yuriလားဟင်'
အသားညိုညို၊ မျက်လုံးပြူးပြူး၊ ဆံပင်ထောင်ထောင်နှင့် ဆပ်ကပ်လူရွှင်တော်ရုပ်ပေါက်နေသော ငနဲတစ်ကောင်က ဆီးပြီးမေးသည်။ Yuriက ....
'ဟုတ်ကဲ့ ... ကိုသက်ထွေးထင်ပါရဲ့ ၊ ဒါနဲ့ ကျွန်မအတွက် သဇင်ပန်းကအခုပါလာပြီလား၊ ဒါမှမဟုတ် ကျွန်မဘယ်လိုစီစဉ်'
'စ.....စ.....စဏကျန ..... နီတိထဲမှာပါတဲ့ ....ကြ .... ကြ ... ကြံစည်တိုင်းလည်း ..... မ .... မ ....... မဖြစ်'
'ကျွန်မတောင်းပန်ပါတယ် ကိုသက်ထွေးရယ် စာဏာကျနီတိတစ်အုပ်လုံးကိုတော့ မရွတ်ပြပါနဲ့နော်၊ ဟို ... ဟို ကျွန်မသဇင်ပန်းလေး ဘယ်လို .....'
သက်ထွေးဆိုသည့်ငနဲက 'အဟမ်း ...' ဟုချောင်းဟန့်သံပြုလိုက်ပြီး ......
'ကျေ .... ကျေ .... ကျောက်သင်္ဘော ဆ... ဆ .... ဆရာတော်ကြီး .... ဟ .... ဟ .... ဟောကြားမိန့်မြွက်ခဲ့ ... ခဲ့ ... ခဲ့သလို ... လု .... လု .... လုပ်သမျှဟာ .... ဒု ... ဒု ... ဒုက္ခတွေ ဖြ ... ဖြ ... ဖြစ်နေပါလား ... လို့ .. နှ ... နှ ... နှလုံးသွင်းပြီးတော့ ... ဆ ... ဆ ... ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင် ....'
'ဒုက္ခပါပဲ'
Yuriက အားငယ်စွာ ငြီးညူလိုက်မိ၏။ နဂိုကတည်းကမှ စကားက လိုရာရောက်ဖို့ တော်တော်ကြာအောင် အချိန်ယူနေသည့်အထဲ နိဒါန်းအပျိုးမှာ နီတိတွေ တရားတော်တွေကိုပါ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ခမ်းခမ်းနားနား အစချီချင်နေသေး၏။
ထိုစဉ် .... အဲ့ဒီတိုက်ခန်းမှာနေသော စင်္ကာပူအိမ်ခံ မြန်မာလူရွယ်တစ်ယောက်က Yuri၏ဒုက္ခကို မကြည့်ရက်တော့သောကြောင့် ကြားဝင်ပြီး ....
'ဒီလိုဗျာ .... ကျွန်တော်တို့ကို သူ ရောက်ရောက်ချင်း ပြောပြတဲ့ပုံအရဆိုရင်တော့ ခင်ဗျားမှာလိုက်တဲ့သဇင်ပန်းကို ကြွေသွားမှာစိုးလို့ သူက Hand Carry နဲ့ပဲ သယ်လာတာတဲ့၊ ချန်ဂီလေဆိပ်ကအထွက်မှာ ထုတ်ကြည့်လိုက်တော့တောင် အကောင်းအတိုင်းပဲရှိနေသေးတယ်ဆိုပဲ၊ အဲဒါ လေဆိပ်ကအထွက် ကားငှားပြီး ကားပေါ်တက်မလို့ ပါတဲ့ပစ္စည်းတွေကိုစစ်ကြည့်လိုက်တော့ သဇင်ပန်းထည့်လာတဲ့ စက္ကူအိတ် မရှိတော့ဘူးတဲ့ဗျာ၊ အင်း ... ကျွန်တော့်အထင်ပြောရရင် လေဆိပ်အပေါက်ဝနဲ့ Taxi Stand ကြားထဲက တစ်နေရာရာမှာ ကျပျောက်ခဲ့တယ်ထင်ပါရဲ့'
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .