နောက်တစ်နေ့မနက် Yuri အိပ်ရာကနိုးတော့ ခြောက်နာရီခွဲနေပြီ။ ထုံးစံအတိုင်း ရေချိုးခန်းထဲဝင်ကာ သွားတိုက် မျက်နှာသစ်ပြီး ရေပါချိုးလိုက်၏။
ပြီးတော့ စောစောကတည်းက Fanyထည့်ထားခဲ့သော ဆန်ပြုတ်တွေကို microwaveမီးဖိုထဲထည့်ပြီး နွှေးသည်။
ဖွေးအိနူးညံ့ကာ ခပ်ပျစ်ပျစ်လေးဖြစ်နေသော ဆန်ပြုတ်ပန်းကန်ထဲသို့ မွမွလေးကြော်ထားသော ငါးခူအသားဖတ်တွေကို စိတ်ရှည်လက်ရှည်နွှင်ပြီး ထည့်သည်။ ပြီးတော့ ကြက်သွန်ကြော်၊ ဆီချက်ကို ရွှေရောင်ဝေ့နေအောင် ဆမ်းကာ အနံ့မွှေးသည့် ငရုတ်ကောင်းမှုန့်ခပ်လိုက်၏။ ပုဇွန်ခြောက်ထောင်းကြော်နှင့် ကြက်သွန်မြိတ်စိမ်းစိမ်းလေးတွေကို ခပ်ပါးပါးဖြူးလိုက်သည်။
နောက် အောက်ခံပြားထဲမှာ ဂျူးမြစ်၊ ငရုတ်သီးဆီသတ်နှင့် ရောထားသော ကြက်သွန်ဖြူဥတစ်လုံးအချဉ်တို့ကို အကန့်လိုက်ထည့်သည်။
ပြီးတော့ ကြွေဇွန်းသန့်သန့်ကို တစ်ရှူးစက္ကူစဖြင့် ခေါက်ပတ်ကာကိုင်ရင်း Jessica၏ အခန်းဆီသို့လာခဲ့သည်။
အခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်သည်။
'ဒေါက် .... ဒေါက် .... ဒေါက်'
'Jessica .... Jessica'
လန့်ပြီးနိုးသွားမည်ကိုစိုးသောကြောင့် ကြားသာသည်ဆိုရုံမျှ ခပ်တိုးတိုးခေါ်လိုက်သည်။
အခန်းထဲမှ တုန့်ပြန်သံမကြားရ။
Yuriက ထပ်ပြီး .......
'Jessica .... ငါပါ .... Yuriပါ ... ဝင်ခဲ့မယ်နော်'
ဘာသံမှမကြားရ။
Yuri စိုးရိမ်လာ၏။ တံခါး lockကို ကိုင်ကြည့်တော့ အသာပင်လည်ကာ တံခါးပွင့်သွားသည်။
Yuri အခန်းထဲသို့လှမ်းဝင်လိုက်၏။
'ဟင် ....'
အခန်းထဲမှာ Jessica၏ အရိပ်အယောင်ကိုမတွေ့ရ။ ဘယ်များရောက်နေတာပါလိမ့်။ ရေချိုးခန်းထဲမှာလား။
Yuri၏အကြည့်က ကုတင်ခြေရင်းဆီသို့ရောက်သွားသည်။ သူဝယ်လာခဲ့သောဖိနပ်နှစ်ရန်အနက် အနီရောင်ဖိနပ်လေးတစ်ရန်သာကျန်တော့သည်။
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .