ခွဲခွာချိန်ရောက်လာတာကိုက စောလွန်း
မင်း ..... သွားမယ်ဆိုလည်း
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ်▪️
Yuri တမ်းတစွာဖြင့် ရေရွတ်လိုက်မိ၏။
Yuri Jessicaကို နေရာအနှံ့လိုက်ရှာကြည့်ခဲ့ပြီးပြီ။ ဘယ်မှာမှ ရှာမတွေ့။ Jessica အကြောင်းတစ်ခုခုကြောင့် သူမကို စွန့်ခွာထွက်သွားပြီဟု နားလည်လိုက်ရတော့သည်။
Jessicaဟာ ဘယ်လိုပဟေဠိမျိုးလဲ။ Yuri နားမလည်နိုင်ခဲ့ပါ။ ပဟေဠိကို မဖြေနိုင်လို့ ပန်းပေးရမည်ဆိုလျှင်လည်း သူမရင်ထဲမှာ ပန်းပွင့်တွေအပြည့်ပါ။
Jessicaရေ ... နင့်အတွက် ဥယျာဉ်တစ်ခုစာ ပျိုးထားပါတယ်။ အခုတော့ ရနံ့တွေကို သိမ်းတာစောလွန်းတယ်။ တကယ်ဆို ငါ အသက်ရှူသာစရာ နှုတ်ဆက်အလွမ်းနံ့တစ်ခုတစ်လေလောက်တော့ ချန်ထားခဲ့ဖို့ကောင်းပါရဲ့။
▪️
Jessicaနှင့် ပထမဦးဆုံး စတင်ဆုံဆည်းခဲ့သော East Coast ဆီသို့ Yuri ထွက်ခဲ့သည်။
နေညိုချိန်သို့ရောက်နေပြီ။
သစ်ပင်၏အရိပ်တွေ ရှည်လျားစွာ အေးစက်လဲလျောင်းနေကြ၏။ စကိတ်စီးနေသူတွေ၊ ကျောက်သားခုံတန်းနှင့် စားပွဲတွေမှာထိုင်ကာ ဘီယာသောက်ရင်း စကားပြောနေကြသူတွေ၊ သီချင်းနားထောင်ဖို့ နားကြပ်လေးတွေတပ်ကာ အပန်းဖြေနေကြသူတွေ၊ ခပ်တိုးတိုးရယ်မောနေကြသူတွေနှင့် ဝေးရာကမ်းစပ်ဆီသို့ သူမ လျှောက်လာခဲ့၏။
ဆည်းဆာနှင့်ပင်လယ်သည် စကားလုံးမဲ့သောအသံများဖြင့် သူမကို ဆီးကြိုနေကြ၏။
တိမ်တွေမျောလွင့်နေသည်ကို သူမ ခေါင်းမော့ငေးကြည့်နေဖြစ်သည်။ အရာရာအားလုံးဟာ တိမ်တွေလိုပဲလား။
လေစီးကြောင်းထဲ ဆုံဆည်းမိတဲ့အခါ ရေငွေ့တွေဟာ ပုံသဏ္ဍာန်တစ်ခုခုပေါ်လာလိုက်၊ ပြီးတော့ လေစီးကြောင်းနှင်ရာ အဝေးဆီကို ပြန်ကွဲပြို လွင့်ပျယ်သွားလိုက်နဲ့ပေါ့။
အခု ငါတို့ဘဝတွေကို တိုက်ခတ်နေတာ ဘာလေစီးကြောင်းလဲ။
နာမည်မရှိသေးရင်တော့ 'အပူသည်လေ' လို့ပဲ ခေါ်လိုက်ကြရအောင်။
သူမ ဘယ်လောက်ကြာကြာ ငေးပြီး တွေးတောစဉ်းစားနေမိသည်မသိ။ မှောင်စပင်ပျိုးတော့မည်။
ရုတ်တရက် သူမကို နောက်ကျောဖက်ဆီမှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရ၏။ မသိစိတ်ကလှုံ့ဆော်နေခြင်းဖြစ်သည်။
ပင်လယ်ကိုငေးကြည့်နေရာမှ အကြည့်ကိုပြန်ရုပ်သိမ်းကာ နောက်ဖက်ဆီသို့ လှည့်ကြည့်လိုက်၏။
သူမအားစိုက်ကြည့်နေသူကို မြင်ရပြီ။
'Jessica .....'
Yuri ဝမ်းသာအားရဖြင့် Jessicaဆီသို့ ပြေးသွားလိုက်၏။ ပြီးတော့ Jessica၏ လက်မောင်းနှစ်ဖက်ကို အားမလိုအားမရကိုင်လှုပ်ရင်း .......
'စိတ်ပူလိုက်ရတာဟာ၊ ငါလိုက်ရှာတာနှံ့နေပြီ၊ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ'
'ငါလည်း နင့်အနားမှာနေနေတာပဲ၊ ဘယ်လိုဖြစ်ပြီး လူချင်းကွဲသွားတာလဲမသိဘူး'
Jessicaပြန်ဖြေသံက အားမပါလှ။ တိုးတိုးညှင်းညှင်းသာ။ Yuriကတော့ Jessica၏မျက်နှာကို ကြည့်မဝသလိုစိုက်ငေးရင်း ........
'ဒီနေရာလေးကို ဘာဖြစ်လို့ရောက်လာတာလဲဟင်'
Jessicaက ချက်ချင်းမဖြေသေး။ Yuriဆုပ်ကိုင်ထားသော လက်တွေထဲမှနေ၍ သူမ၏လက်မောင်းနှစ်ဖက်ကို နူးညံ့ညင်သာစွာ မသိမသာရုန်းဖယ်သည်။
ပြီးတော့မှ .....
'ငါနင့်ကို လိုက်ရှာကြည့်သေးတယ်၊ မတွေ့တော့တဲ့အဆုံးကျတော့ ငါတို့ စတွေ့ခဲ့တဲ့ဒီနေရာကို လာကြည့်ချင်စိတ်က အလိုလိုပေါ်လာတယ်'
သူမ၏လေသံအရ စကားကမဆုံးသေး။
သို့သော် စကားသံက ပိုတိုးညှင်းသွားသည်။ ရှက်ရွံ့သလိုမျိုး မျက်လွှာကိုလည်း ဖြည်းဖြည်းချင်းချသည်။ ထို့နောက် ....
'ပြီးတော့ ........ ဒီနေရာလေးမှာ နင်ရှိနေလိမ့်မယ်လို့လည်း ငါ့စိတ်ထဲမှာ ထင်နေမိတယ်'
သူမ၏စကားသံက ပန်းနုရောင်။
စကားအဆုံးတွင် သူမက တုန်ယင်စွာဖြင့် Yuriကို မော့ကြည့်သည်။ သူမ၏မျက်ဝန်းတွေကို ကြိုစောင့်နေသော Yuri၏အကြည့်နှင့် ဆုံဖြစ်ကြ၏။
ညနေခင်းသည် စိမ်းလန်းသွားလေသည်။
#TBC
Apirl 17, 2018
VOCÊ ESTÁ LENDO
Tomorrow Programme
Fanfic'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .