နောက်တစ်နေ့ကျတော့ City Hall မှာပင် မြန်မာအစားအစာတွေ လျှောက်စားကြဖို့ သူတို့နှစ်ယောက် ဆုံးဖြတ်လိုက်ကြသည်။
မုန့်ဟင်းခါးစားတော့ Jessicaက ငံပြာရည်ကို ထူးထူးဆန်းဆန်း နှစ်ခါတိတိ ထပ်ထည့်လိုက်တာကို Yuriတွေ့လိုက်၏။ သို့သော် ......
'ဪ ... သူက လေးလေးပင်ပင်စားရတာ ကြိုက်တတ်လို့ဖြစ်မှာပဲ'
ဟုထင်ကာ ဘာမှမပြောဖြစ်လိုက်။
ပြီးတော့မှ Jessicaက ငန်သည်ဟုဆိုကာ မုန့်ဟင်းခါးကို ဆက်စား၍မရတော့။ Yuriက .....
'ငန်မှာပေါ့၊ နင်က မုန့်ဟင်းခါးထဲကို ငံပြာရည်တွေ ဒီလောက်တောင်ထည့်နေတာဥစ္စာ'
'အောင်မယ် .... တစ်ခါလေးထည့်မိတာကိုများ'
'ဘယ်ကသာ တစ်ခါကရမှာလဲ၊ နှစ်ခါတောင်ထည့်ရတာ ငါ့မျက်စိနဲ့သေသေချာချာမြင်လိုက်တယ်၊ ဘာလဲ အငြင်းထူချင်သေးလို့လား'
Yuriက အတိအကျပြောတော့ Jessica မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဇဝေဇဝါဖြစ်သွားသည်။ ပြီးတော့မှ .....
'ဟင် .... ငါ ငံပြာရည်နှစ်ခါထည့်လိုက်တာ သေချာလို့လား'
ကြောင်တောင်တောင်နှင့် ပြန်မေးနေ၏။ Yuriက ....
'ဪ .... ဟုတ်ပါတယ်ဆိုနေ'
'ဒါ ... ဒါဆို .... ပထမတစ်ခေါက်ထည့်ပြီးတာကို ငါ ... ငါ မေ့သွားတာဖြစ်မယ်'
'ကဲပါဟာ ... နောက်ထပ်အသစ်တစ်ပွဲမှာလိုက်'
City Hallမှာ မြန်မာအစားအစာအစုံရသော်လည်း Yuri ကတော့ မြန်မာပြည်မှာစားရတာလောက်တော့ ခံတွင်းမမြိန်ဘူးဟု ထင်သည်။ ဘာကြောင့်လဲတော့မပြောတတ်။ မြန်မာရနံ့ကို လိုအပ်နေတာလား၊ မြန်မာ့လေပြည်လေငွေ့ကို လိုအပ်နေတာလား။ တစ်ခုခုတော့လိုနေသည်ဟု ထင်ရ၏။
Yuriက မြန်မာပြည်မှာနေတုန်းကတောင် မြို့ပေါ်က နာမည်ကြီးထမင်းဆိုင်တွေက အစားအစာကို ကြိုက်လှသည်မဟုတ်။ ဆိုင်တွေပေါ်က ဟင်းအများစုမှာ ဆီတွေနီရဲပျစ်ချွဲနေပြီး အရသာကလည်း အီဆိမ့်ဆိမ့်နှင့် ဟိုလိုလိုဒီလိုလိုချည်းပဲဖြစ်၏။
သူမ တကယ်ကြိုက်သည်က တောရွာတွေမှာသာရတတ်သော ဆီကျဲကျဲ ရေကျဲကျဲဟင်းမျိုး။ ငပိရည်တောင်မှ ရွာမှာဖျော်သောငပိရည်ကို ပိုကြိုက်သည်။
YOU ARE READING
Tomorrow Programme
Fanfiction'ဘ၀' ဆိုတဲ့ အရာကသာ သေချာရင် တီဗီမှာလို မနက်ဖြန် အစီအစဉ်ကို ကြိုတင်ပြီး ကြေညာချင်ပါတယ် . . .
