ပြတင်းပေါက်ကနေ ငေးနေရင်း.. ငှက်တွေ အော်မြည်နေသံကို သာယာလိုက်တာလို့ မခံစားမိပဲ စူးစူးရှရှ အော်နေကြသလို ခံစားနေရ၏။ လူသားတစ်ယောက်လို မဟုတ်ပဲနဲ့ သူ့ကို ဘယ်လိုများ မွေးဖွားခဲ့တာလဲလို့ မေးဖို့ အမေက လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ပြီ။
ဘယ်ကိုပဲ ကြည့်လိုက် ကြည့်လိုက် မမြင်သင့်သော မကြားသင့်သောတွေကို စုပြုံ၍ မြင်နေ ကြားနေရတာက ကျေနပ်စရာလို့ မထင်တော့တာလည်း ဆယ်စုနှစ်နှစ်ခါ ဖြတ်ကျော်လာခဲ့ပြီ။ ဒီနှစ်တွေ အတွင်း အိမ်ထဲမှာ ကလွဲရင် ဘယ်ကိုမှ မသွားတော့သလို.. ဘယ်သူမှ မမြင်နေတာကို သဘောတကျ နေခဲ့တာ အရင်းနှီးဆုံး မြေးလေးကို တောင် သွားမတွေ့ဖြစ်ခဲ့ပဲ..၊
မြေးလေးလို့ စိတ်ထဲမှာ တွေးလိုက်တာနဲ့ ညီမလေးကို သတိတရ ဖြစ်မိသည်။ မရှိတော့တာတောင် ကြာပေါ့။ ညီမလေးက အသက်၉၉နှစ်မှာ ဆုံးသွားတာ..၊ အဲ့တုန်းက ညီမလေးရဲ့မြေးလေးက လမ်းမပေါ်ပြေးဆော့ တဲ့အရွယ်လေး..၊
အတိတ်ဆိုတာကို ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိရင်.. သူပထမဆုံး လုပ်မိမှာက သူကိုယ်တိုင် မမွေးဖွားလာ ဖို့ပဲ ဖြစ်မည် ထင်သည်။ လူသားမဟုတ်သော သူက လူသားကဲ့သို့ မွေးဖွားလာတာ ဖြစ်သင့်ရဲ့လား..၊ သူ့ကိုယ်သူ လူသားလို့ မခံယူမိတာက အသက်ဆယ်နှစ်အရွယ် လောက်က စဖြစ်လာခဲ့တာ ဖြစ်ပြီး.. တကယ်လည်း ကွဲပြားမှုများစွာ ရှိနေတာကို ခြောက်ခြောက်ခြားခြား လက်ခံမိတော့.. တခြားလူတွေနဲ့ ဝေးဝေးမှာ နေတတ်လာသည်။
တခြားသူရဲ့ စိတ်ကို စပြီးဖတ်ရှုမိတုန်းက ကျေနပ်မှုတွေ ဖြစ်ခဲ့ဖူးသေးသည်။ အခုမှာတော့ အဲ့လိုတွေ သိနားလည်နေတာက သူများအပူတွေ သူ့ဆီကူးစက် လာသလိုသာ ခံစားရ၏။ ထို့ကြောင့် ဘယ်သူ့ကိုမှ မသိချင်တော့သလို သူရှိနေမှန်းလည်း မသိစေချင်တော့ပေ။
ဆန်းကြယ်သော လုပ်ဆောင် နိုင်စွမ်းတွေ ထဲက အကြိုက်ဆုံး တစ်ခုကို ပြောရမယ် ဆိုရင်တော့ သူ့ကို ဘယ်သူမှ မမြင်ရပဲ နေထိုင်လို့ရနေတာကိုပဲ ဖြစ်သည်။
နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားတိုင်း မရင့်ရော်သွားတဲ့ ရုပ်ရည်ကို ကျေနပ်ခဲ့ဖူးပေမယ့် ညီမလေးက မောင်ကြီးနဲ့ လူတွေကြားထဲ မသွားချင်ဘူးလို့ စပြောလာတဲ့နေ့မှာ ကျေနပ်မှုအားလုံး ပျောက်ဆုံးသွားခဲ့၏။ သူအချစ်ဆုံး ညီမလေးကတောင် သူ့ကို နားမလည် နိုင်ခဲ့တာ မသက်ဆိုင်တဲ့ တခြားသူတွေဆို ပိုဆိုးသွားပြီပေါ့ ဆိုတာကိုလည်း စတွေးမိလာသည်။ အဲ့တုန်းက ညီမလေး အသက်၃၀ကျော်ကျော် သာရှိသေးသည်။ တကယ်တမ်းကျတော့ ညီမလေးနဲ့သူက အသက် ဆယ်နှစ်လောက် ကွာခြား၏။ အမေ့ဗိုက်ထဲက ညီမလေးရဲ့ လိုအပ်ချက်တွေကို အပြင်ကနေ ဖတ်ရှုပြီး ပျော်ရွှင်ခဲ့ဖူးပေမယ့်.. ညီမလေးကသာ အရွယ်ကြီးရင့် လာပြီး သူကတော့ နေမြဲအတိုင်း မပြောင်းလဲခဲ့တော့ ညီမလေးနဲ့ အတူတူ အပြင်သွားတာတွေ လူတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေကို မလုပ်ဖြစ်တော့ပေ။
သူ့အစွမ်းတွေကို သက်ရောက်ခွင့်မပြုတဲ့ လူသားဆိုရင် အမေ့ကို ညွှန်ပြရမည်သာ..၊ အမေ့စိတ်ထဲကို မွေနှောက်နိုင်ဖို့ မပြောနဲ့.. အမေ့စိတ်ကို ဖတ်ရှုရင်တောင် သူ့ကိုချစ်တယ် ဆိုတာတွေချည်း ဖတ်ခွင့်ရလျက်.. ထိုမှတစ်ဆင့် ကျော်လွန်ပြီး သူ မဖတ်နိုင်ခဲ့ပေ။ မွေနှောက်ဖို့ဆို ဝေးသွားပြီ။ သူကိုယ်ပျောက်နေတယ် ဆိုရင်တောင် အမေက သားရှိနေတာ သိတယ်လို့ ကြင်နာယုယစွာ ဆိုတတ်သည်။ ပြီးတော့ သားဝမ်းနည်းနေလား.. ဆိုပြီး သူ့စိတ်ထဲသို့ တိုင်သိနေနိုင်တာလည်း အမေတစ်ယောက်တည်း ကသာ တတ်နိုင်ခဲ့၏။
လူသားတွေနဲ့ ဝေးဝေးမှာ နေလိုက်တော့ သူ့ဆီက လူသားဆန်မှုတွေလည်း ပျောက်ဆုံးသွားခဲ့၏။ ချစ်ခင်သော ကြင်နာသော ယုယတတ်သော ဆိုတာတွေ သူ့ဆီမှာ မရှိတော့သလို.. စာနာတတ်သော နားလည်တတ်သော စိတ်တိုသော ဆိုတာတွေလည်း မရှိတော့..၊
လွန်ခဲ့သော နှစ်နှစ်ဆယ် တုန်းကတောင် မြေးလေး ခန့်ထင် အသက် နှစ်ဆယ်လောက်က အတူတူ အပြင်သို့ တစ်ခါတစ်လေ သွားလာတာတွေ လုပ်ဖူးသေးသည်။ နောက်ပိုင်း ခန့်ထင်.. အိမ်ထောင်ကျပြီးတော့မှ အဆက်အသွယ် မလုပ်ဖြစ်တော့တာ..၊ အခုဆို ခန့်ထင်လည်း အသက် လေးဆယ် ကျော်လောက်ပါပြီ။
ခန့်ထင်က မြို့လေးကနေ ပြောင်းရွေ့ သွားတော့သလို.. သူကလည်း.. လူတွေကြားထဲ မသွားလာ ချင်တော့တာမို့.. လုံးဝကို အဆက်သွယ် ဖြတ်ပြီး နေလိုက်တော့တာ.. ဒီနေ့အထိ..၊
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..