လူသားကဲ့သို့သော.. (အပိုင်း-၁၈)
××××××××××××××××××××ကားမောင်းနေရင်းနဲ့ တကယ်ကို အိပ်ချင်နေပြီမို့လို့ ကားကို လမ်းဘေး ထိုးရပ်လိုက်ရသည်။ နောက်ဆုံး တစ်ခေါက်နား ကတည်းက ရောက်ဖို့ နီးနေပြီ ဆိုတာ သိခဲ့ပေမယ့် မြို့ထဲသို့ မရောက်နိုင်တော့တာလည်း သေချာနေပြီ ဆိုတော့ ကားပေါ်မှာ အိပ်ဖို့သာ တွေးလိုက်ပြီး ကားမီးတွေကို မှိတ်ချလိုက်ပြီး နောက်ကျောကို မှီချလိုက်တော့ ဘက်မှန်ကို သွားမြင်လိုက်ရ၏။
လူတစ်ယောက်!..၊ သူ့ကားနောက်ခန်းမှာ အေးအေးဆေးဆေး ထိုင်ပြီး ဘက်မှန်ကနေ သူ့ကို ကြည့်နေ၏။
ဟင်!.. ဆိုတာကို ပါးစပ်ကနေ ထုတ်ညည်းမိတော့ မတတ် ဖြစ်သွားမိပြီး.. နောက်လှည့်ကြည့် မိတော့ ဘယ်သူမှ မရှိ..၊
မှန်ထဲကို ပြန်ကြည့်တော့ ထိုသူက သူ့ကို ယဲ့ယဲ့လေး ပြုံးပြ၏။ ဘာလဲ..၊ သရဲ ခြောက်ခံနေရတာလား..၊ သရဲကကော အသက်နှစ်ဆယ်အရွယ် ကလေးသာသာလေးလား..၊ဟွန့်ခနဲ တစ်ချက်ပြုံးလိုက်ပြီး ဘက်မှန်ကိုကော.. နောက်ကိုကော လှည့်မကြည့်တော့ပဲ စီးကရက် ထုတ်သောက်လိုက်သည်။
'ငါ သရဲ မကြောက်တတ်ဘူး ငါကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှု မလုပ်ဖူးတော့ ပေးစရာ အမျှလည်း မရှိဘူး'
ရိုင်းတတ်ဖို့ မွေးလာတဲ့ သူလို့ ကိုယ့်ဖာသာ သတ်မှတ်ထားတဲ့ အတိုင်း.. ဒီလူက တော်တော် သွေးအေးတဲ့လူ..၊
'ငါက မင်းသွားနေတဲ့ ခရီးရဲ့ ဦးတည်ချက်ကို ပြောင်းစေချင်တာ..'
'အဟက်!.. မင်းက ဘယ်လို သေပြီးထားတဲ့ သရဲလဲတော့ ငါမသိဘူး ငါ့ကိစ္စကို လာတားရင် သရဲဆိုလည်း နှစ်ခါပြန်သေခိုင်းလိုက်မယ်..'
မဲ့လိုက်တာကို သေချာကြည့်လိုက်ပြီး ခေါင်းယမ်းပြလိုက်ကာ..
'မင်းမလုပ်နိုင်ပါဘူး.. ငါကလည်း တစ်ခါမှ မသေဖူးသေးဘူး..'
ပြောနေရင်း အနောက်ကနေ အရှေ့ကို လှုပ်ရှားမှုမဲ့စွာ ရောက်လာတော့ သူ မျက်လုံးပြူးသွားမိသည်။
'မင်းက ဘာလဲ.. ဒီခေတ်မှာ အဲ့လို စွမ်းအားတွေ ရှိတယ်ဆိုတာ သရုပ်ပြပဲရှိတာ..'
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..