လူသားကဲ့သို့သော.. (အပိုင်း-၆)
×××××××××××××××××××ရှပ်အင်္ကျီအဖြူပေါ်မှာ သိုးမွေးဖြင့်ထိုးထားသော လက်ပြတ်တစ်ထည်ကို ထပ်လျက် ဝတ်ထား၏။ ဘောင်းဘီရှည်က စတိုင်ပဲန် ဆိုပေမယ့် ဖိနပ်ကျတော့ မစီးထားပေ..၊
ဆံပင် ပုံစံက ရှေးခေတ် သူကြီးသားတွေရဲ့ ပုံစံမျိုးပေမယ့်.. အသားတွေ ဖြူဆွတ်နေတော့.. ကြည့်ရမဆိုးပဲ လိုက်ဖက်နေ၏။ ယောက်ျားလေးတွေထဲမှာ ဒီလောက် အသားအရေ ကြည်စင်နေတာ ရှားရှားပါးပါး..၊ လေးကိုင်းသဏ္ဌာန် ပိပိရိရိစေ့ပိတ်ထားတဲ့ နှုတ်ခမ်းတွေ ဖြူဖျော့နေတာကလည်း အစားမစားရတဲ့ သူတွေ လိုမျိုး..၊ မျက်လုံးအရောင် ကတော့ ညိုညိုဖျော့ဖျော့ မဟုတ်ပဲ နက်မှောင် လက်တောက် နေ၏။အထူးဆန်းဆုံးက စဝင်လာကတည်းက ဦးလေးက လာခိုင်းလို့ပါ ဘာညာ တစ်ခွန်းမှ မပြောပဲ ကိုယ်အိမ် ကိုယ့်ယာလို ဝင်လာပြီး.. စကားတစ်ခွန်းမှ မပြောပဲ ထိုင်ခုံမှာ ဝင်ထိုင်နေ၏။
ရုပ်လေး ကြည့်တော့ အသက်က နှစ်ဆယ် ဝန်းကျင်လောက်လေးနဲ့.. လူကြီးကို ကျွန်တော်က ဘာညာ ဆိုပြီးလည်း မရှိ..၊ ဒါပေမယ့် ကိုယ်ကတော့ လူကြီးအရွယ်မို့ လူကြီးပီပီသသ မလိုလား သွားတာကို မျက်နှာပေါ် မထင်ဟပ်စေပဲ..
'ဦးခန့်ကတော့ မနေ့က ဖုန်းဆက်ပြီး ပြောပါတယ်.. သူ့တူကို ပစ္စည်းတွေ အရွေ့အပြောင်း လုပ်ခိုင်းထားတယ်ဆိုလို့ မနေ့ကတည်းက မနွယ်က မျှော်နေတာ'
ရင်ထဲကမပါတဲ့ စကားတွေ ပြောပြီး.. အပြုံးတွေ ရွန်းရွန်းဝေနေပေမယ့် သူမစိတ်ထဲက မလိုလားခြင်းတွေကို သူကြားနေရ၏။ ထို့ကြောင့် ထိုင်နေရင်းနဲ့ ပြုံးလိုက်မိသည်။
ကိုယ်က စကားအကောင်းပြောဖို့ ကြိုးစားနေစဉ် ရုတ်တရက် ပြုံးလိုက်တော့.. စိတ်ထဲမှာ နင်သွားမိ၏။ ဘာလဲ.. ဒီကောင်လေးက..
'နာမည်တော့ ဦးခန့်က မပြောပြလိုက်ဘူး.. မောင်လေး နာမည် ဘယ်လိုခေါ်လဲ..'
အသက် သုံးဆယ် ကျော် လူသားက သူ့ကို မောင်လေး ဆိုတော့ နောက်တစ်ခေါက် ထပ်ပြုံးမိပေမယ့် အရှေ့က သူမက မျက်မှောင် ကုတ်သွားတော့ ပြန်ထိန်းလိုက်ရသည်။
လူသားတွေက သူတို့သာ ပြုံးချင် ပြုံးမည် တခြားသူက ပြုံးရင်.. မနှစ်သက် ကြတာလည်း သူတို့သဘာဝပဲကိုး..၊
YOU ARE READING
လူသားကဲ့သို့သော..
Romanceလူသားမဟုတ်သော ကောင်လေး တစ်ဦးက လူသားကောင်မလေး တစ်ဦးကို ချစ်မိသွားသောအခါ..