မြင်မြင်ချင်းတုန်းက မုန်းတီးဖို့လုံလောက်နေတဲ့ ဒီကောင်မလေးအပြုအမူတွေက အခုလိုအချိန်ကျမှ ဘာလို့များစိတ်ထဲမတရားချစ်ဖို့ကောင်းနေတာလဲ။ ခေါင်းလေးငုံ့ထားတဲ့ပုံစံကအစ သူ့စိတ်ထဲအရင်ကနဲ့မတူသလို တစ်မျိုးလေးခံစားနေရသည်။
ပြီးတော့ မော့ကြည့်လိုက်တဲ့သူမရဲ့ ထိတ်လန့်သွားသလိုဟန်လေး။ အရာအားလုံးက စတွေ့တုန်းကနှင့်ခြားနားစွာ အကောင်းမြင်စိတ်သာဖြစ်တည်နေမိသည်။ သူ့ကိုကြည့်နေသောမျက်ဝန်းလေးကလည်း ရူးသွားဖို့လုံလောက်တဲ့အထိ ရင်ဘတ်ထဲဗြောင်းဆန်သွားအောင် လှုပ်ခါနိုင်စွမ်းရှိနေတာ ဘာကြောင့်များလဲဂုံးလေး။ ဤအရာကိုအချစ်လို့ခေါ်တွင်မည်ဆိုရင် သူမချစ်တတ်ချင်သေးဘူး။
" ဘာလို့စိုက်ကြည့်နေတာလဲ..... လမ်းမဖယ်ပေးတော့ဘူးလား ဒီတိုင်းပဲရပ်နေတော့မလို့လား..... "
သူကိုယ်တိုင်ကိုယ်ကျပိတ်ရပ်ထားတဲ့လမ်းကို သူကိုယ်တိုင်ဖယ်ခိုင်းနေတာ ရယ်ချင်စရာတော့အကောင်းသား။ တစ်ခါတလေ အပြစ်မရှိဘဲအပြစ်ရှာနေမိတဲ့စိတ်က သူမကြောင့်မှသာဖြစ်လာရတာ သူ့အပြစ်လေလား ဒါမှမဟုတ် သူမအပြစ်ပေပဲလား။
" ဟုတ် ဟုတ် ရဂုံဖယ်ပေးမယ်နော်..... "
အပြစ်ကင်းတဲ့မျက်နှာလေးနှင့်ကောင်မလေးကို သူဘာလို့အမြဲအပြစ်ပဲပြောနေမိရတာလဲ။ သူ့အတွက်လမ်းဖယ်ပေးနေတဲ့ ထိုကောင်မလေးကိုကြည့်ကာ စိတ်ထဲမကောင်းဖြစ်မိသွားရသေးသည်။ ဘာမဆိုခေါင်းငုံ့ငြိမ်ခံနေကျလားလို့ ဘာရယ်မဟုတ်စိတ်ထဲကနေမေးရင်း ကရုဏာသက်နေမိတာကိုတော့ သူမသိလိမ့်မည်မထင်။
" ကျစ် ! နင်ကအရူးပဲ "
သူမဖယ်ပေးတဲ့လမ်းကနေ ဘေးတိုက်ဖြတ်လျှောက်သွားပြီး နောက်မှာကျန်ရစ်ခဲ့တဲ့သူမကို မကြားတကြားလေးရေရွတ်လိုက်မိသည်။ စိတ်ထဲလည်းတစ်ခုခုကိုအလိုမကျဖြစ်လာပြန်၍ ခြေလှမ်းအတော်ရောက်တော့မှ နောက်ပြန်လှည့်လိုက်ကာ ကျောပြင်သေးသေးလေးကိုဆွဲလှည့်ပစ်လိုက်လေသည်။
" နင်ကအရူးလား ! ဖယ်ပေးလို့ပြောတိုင်းဖယ်ပေးရအောင် ဒီလမ်းကငါပိုင်နေလို့လား နင်ကအရူးလားလို့..... ခေါင်းထဲမှာငြိမ်ခံဖို့ကလွဲပြီး ဦးဏှောက်ဆိုတာရောရှိသေးရဲ့လား..... ရူးနေတာတော့မဟုတ်ပါဘူးနော် ? နောက်ဆိုဘယ်တော့မှငြိမ်ခံမနေနဲ့ ငါမကြိုက်ဘူး "
စိတ်ထဲရှိရာအော်ပြောပစ်လိုက်ပြီးတော့မှ သူ့ကိုယ်သူပြန်သတိထားမိသည်။ သူမကိုအကြောင်းမရှိဘဲ ဘာလို့အော်နေမိရတာလဲလို့ပေါ့ တဆက်တည်းသူထပ်တွေးမိတာက သူ့စိတ်ကိုခြောက်ခြားသွားစေသည်။ ထိုတွေးမိတဲ့အတွေးက သူမကိုများစိတ်ထဲလေးနက်နေမိလေပြီလားလို့ပေ။
မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် လမ်းပေါ်မှာအကြောင်းမရှိအပြောခံရ၍များလား သူမမျက်ဝန်းထဲမျက်ရည်တွေရစ်ဝိုင်းနေသလိုပင်။ စိတ်ထဲသတိမထားမိလိုက်ခင်မှာ မသိစိတ်ရဲ့စေစားချက်အရ သူ့လက်တစ်ဖက်က သူမပါးထက်မှမျက်ရည်တွေကို ရွံရှာခြင်းကင်းစွာသုတ်ပေးနေမိသည်မှာ အသန့်ကြိုက်လွန်းသူမှမဟုတ်ခဲ့လေသလား။
" ဆောရီး ငါစိတ်လွတ်သွားတယ်..... "
ညင်သာလွန်းသည် နားနှင့်ကြားနေရတာကိုတောင်မှ မယုံနိုင်မိအောင် အရမ်းကိုညင်သာနူးညံ့လို့နေသည်။ သူမကိုမြင်တိုင်းမျက်မုန်းကျိုးနေခဲ့သောသူမှ ဟုတ်ပါလေစလို့တွေးမိရအောင် အရမ်းကိုနူးညံ့လွန်းစွာ သူမပါးပေါ်မှလက်ကိုဖယ်ခွာပြီး နောက်ကိုခြေတစ်လှမ်းဆုတ်ပေးရင်း တောင်းပန်စကားဆိုနေသည်က နေ့ခင်းဘက်အိပ်မက်များမက်နေသလားလို့ပင်ထင်မိစေသည်။
" ရ~ ရပါတယ် ရဂုံသွား တော့ မယ်နော် "
သူနှင့်မတူစွာနူးညံ့လွန်းနေသည်က ရဂုံနှလုံးသားလေးနာကျင်ရတာထက်ပိုတဲ့ ထူးဆန်းတဲ့ခံစားချက်ကိုဖြစ်စေသည်မို့ မရှောင်လို့မဖြစ်စွာရှောင်ထွက်လာခဲ့မိသည်။ သူ့ရှေ့မှာသာဆက်နေခဲ့ရင် ဒီထူးဆန်းနေတဲ့ခံစားချက်ကြီးကို ရူးမိုက်စွာအဓိပ္ပါယ်ဖွင့်မိမှာကြောက်သည်။
ခြေလှမ်းကိုသာခပ်သွက်သွက်လျှောက်ရင်း တစ်ဖက်လမ်းကိုဖြတ်ကူးဖို့သာလောနေမိသည့်စိတ်နှင့် အရှေ့ကိုလည်းမကြည့်နိုင်ဘဲ ခေါင်းကိုတွင်တွင်ငုံ့ကာလျှောက်နေခဲ့သည်။
ထိုချိန်မှာ ရုတ်တရပ်နားထဲကြားလိုက်တဲ့ကားသံနှင့် မျက်ဝန်းထောင့်မှာတွေ့လိုက်ရတဲ့ကားအဖြူကြောင့် ကြောက်လန့်စွာမျက်ဝန်းတို့ပိတ်ချမိလိုက်သည်။ ကိစ္စချောပြီလို့တွေးလိုက်တဲ့အချိန်မှာ တစုံတစ်ယောက်ရဲ့အနောက်ကနေဆွဲလှဲပြီး ရဂုံကိုနွေးထွေးတဲ့လက်တစ်စုံနှင့်ပွေ့ဖက်ကာ ရင်ခွင်တစ်စုံထဲကိုဆွဲသွင်းခြင်းခံလိုက်ရသည်။
..........................................................
ပြောချင်ရာပြောပြီးမှ တောင်းပန်တတ်တဲ့အကျင့်မျိုး ငွေလွှားဆီမှာလုံးဝမရှိခဲ့သော်လည်း ထိုကောင်မလေးနှင့်ကျမှ ထိုသို့ဖြစ်သွားလေသလားမသိတော့။ ဘာလို့များ သူမရဲ့မျက်ရည်တစ်စက်က ရင်တွေနာကျင်ရသည့်အထိဖြစ်ရသလဲ ငွေလွှားနားမလည်နိုင်တော့ပေ။
လက်ထဲမှာစိုစွတ်နေဆဲမျက်ရည်စကို နားမလည်နိုင်စွာကြည့်ရင်း ထွက်သွားတဲ့ကျောပြင်သေးသေးလေးကို တွေဝေကာကြည့်နေမိခဲ့သည်။ လူတွေကိုထိတွေ့ရမှာရွံရှာတတ်တဲ့သူ့ရဲ့စိတ်တွေက သူမရဲ့မျက်ရည်စက်တွေကြား တခဏလေးအတွင်းမှာ ပျောက်ကွယ်လို့သွားခဲ့လေပြီလား။
" နင်ကမိန်းကလေးတစ်ယောက်လေ..... ငါလည်းမိန်းကလေးတစ်ယောက်ပဲ အဲဒါကိုဘာလို့ရင်ခုန်မိနေတာလဲ ? "
" ခဏတာအထင်မှားတာလို့ပြောပေးကြပါလား..... "
" ငါ..... လူတွေကိုသံယောဇဉ်မတွယ်ချင်ဘူး သံယောဇဉ်တော်ရုံမထားတတ်ဘူးလေ "
ထိုသို့တစ်လုံးချင်းရေရွတ်နေရင်း လမ်းဖြတ်ကူးကာသွားနေတဲ့သူမရဲ့ကျောပြင်ကို တစောင်းအနေအထားနှင့်ကြည့်နေမိသည်။ ခြေလှမ်းတွေကလည်း မသိလိုက်စွာပဲ သူမနောက်ကိုသာလိုက်နေမိခဲ့သည်။
ထိုချိန်မှာပဲ တိုက်ဆိုင်မှုလို့ပဲဆိုရမလား ဒရာမာဆန်စွာပဲ ကားအဖြူတစ်စီးကလှလှပပနှင့် သူ့မြင်ကွင်းရှေ့မှကောင်မလေးဆီကို တန်းမတ်စွာမောင်းဝင်လို့လာလေသည်။ သူဘာလုပ်ရမှာလဲလို့ ဦးဏှောက်ကမဆုံးဖြတ်နိုင်ခင်မှာ မိုက်ရူးရဲဆန်စွာဖြင့် နှလုံးသားရဲ့အလိုအတိုင်း လာနေတဲ့ကားနှင့်သူမကြားပြေးဝင်လိုက်မိသည်။
ငါသေရတာမလှမပပါလား.....
အရှိန်နှင့်ပြေးလာတာမို့ သူမကိုယ်လေးကိုနောက်ကျောမှသိုင်းဖက်ရင်း ဒရာမာဆန်ဆန်လမ်းမပေါ်ဆွဲလှဲချပစ်လိုက်သည်။ ကျောထဲကစူးကနဲအောင့်သက်သက်ဖြစ်သွားတာကို အာရုံမရနိုင်သေးဘဲ မျက်လုံးကိုသာအတင်းပိတ်ထားမိနေသည်။ လူပဲလွင့်ထွက်သွားလေမလား ကားပဲတက်ကြိတ်လို့သွားပြီလားဆိုကာ ပေါက်ကရအတွေးတွေနှင့် မဟုတ်တမ်းတရားတွေတွေးမိနေတုန်း။
" ဟေ့ ဟေ့ သေချင်လို့လမ်းပေါ်လှဲအိပ်နေရတာလား..... ငါဘရိတ်အုပ်ထားတာကို လျော်ကြေးတောင်းဖို့စဉ်းစားမနေနဲ့ ! "
ထိုသို့နားဝင်ဆိုးစွာကြားလိုက်ရတဲ့အသံသြသြကြီးကြောင့် နတ်ပြည်ကိုနှစ်ယောက်လုံးမလားသေးမှန်း အခုမှသိလိုက်ရသဖြင့် ဟိုကောင်မလေးကိုမြန်မြန်ဆွဲထူရင်း ဟိုလူကြီးကားသွားလို့ရအောင်ဖယ်ပေးလိုက်ရသည်။ သူမကတော့ ငွေလွှားကိုအူကြောင်ကြောင်လေးပြန်ကြည့်နေလေကာ အသက်စွန့်ပြီးကယ်ခဲ့တာလေးကိုတောင် ကျေးဇူးတင်စကားပြောဖို့မေ့နေလေသလားလို့ပင် သူထင်နေမိသည်။
ထိုကောင်မလေးလက်ကိုလည်း ရွံရကောင်းမှန်းမသိအောင်ကိုင်ခဲ့ပြီးပြီ။ မျက်ရည်ကိုလည်သုတ်ပေးခဲ့ဖူးသလို တစ်ခါမှမလုပ်ဖူးသော ကားလမ်းမပေါ်မှာလှဲအိပ်တာကိုလည်း သူမနှင့်ကျမှလုပ်ဖူးခဲ့လေပြီ။ နောက်ထပ်ဘာများထပ်လုပ်ဖူးဦးလေမလဲ။
" အာ့ ! ဟင် ငါ့လက်မှာသွေးတွေပါလား "
အခုချိန်မှာနာကျင်မှုအပေါင်းသရဖူဆောင်းနေမှန်းသတိရမိသလို လက်မှာစူးအောင့်နာကျင်နေ၍ကြည့်မိမှ ပွန်းပဲ့နေတဲ့လက်ဖဝါးစောင်းမှဒဏ်ရာကြောင့် ထိတ်လန့်စွာရေရွတ်လိုက်မိသည်။ သူ့လိုအသန့်ကြိုက်သူက သူမကိုထိကိုင်နေတာပင်လွန်လွန်းနေသည့်ကိစ္စကို အခုတော့မသန့်တဲ့နေရာမှာလှဲအိပ်မိပြီး လက်မှာဒဏ်ရာပါရလို့သွေးပင်ထွက်နေချေပြီ။
ထိုအရာတြွေဖစ်ပျက်ပြီးတာတောင် ဘာလို့သူ့စိတ်ထဲအရင်လိုရွံရှာနေခြင်းအလျင်းမရှိနေရတာလဲ။ သူအော်လိုက်တဲ့အသံကြောင့် စိတ်ပူသွားတဲ့ထိုကောင်မလေးမျက်နှာကိုသာ လက်ရှိကိုမေ့ပြီးငေးနေမိခဲ့သည်ဆိုရင် ဝန်ခံရာရောက်လေမလား။
သူ့ဆီကစကားသံကြားမှ ရဂုံစိတ်တွေကပြန်လည်လာခဲ့သည်။ လက်ကိုကြည့်လိုက်မိတော့ သူပြောသလိုပင်သွေးတွေထွက်လို့နေသည်။ ရဂုံလည်းလုပ်မိလုပ်ရာ အမြဲလိုလိုဆောင်ထားလေ့ရှိတဲ့လက်ကိုင်ပဝါလေးကို ဂျင်းဘောင်းဘီအိတ်ထဲကနေ ကမန်းကတန်းထုတ်ကာ သူ့လက်ဖြူဖြူနုနုလေးကိုဆွဲယူပြီး ပဝါလေးနှင့်စည်းထားပေးလိုက်သည်။
အစကလုပ်သာလုပ်ပေးပေမဲ့ ငြင်းဆန်မယ်လို့ရဂုံထင်နေတာ။ ခုတော့ငြိမ်ခံပြီးကြည့်နေတာကြောင့် ပဝါစည်းပေးနေတဲ့ရဂုံလက်တွေတောင် တုန်ချင်ချင်ဖြစ်လာရသည်။ အရင်ကလိုလည်း အမြင်မကြည့်တဲ့အကြည့်စူးစူးမဟုတ်နေတာကြောင့် ရဂုံရင်ဘတ်ထဲကနှလုံးသားလေးက ကြောက်လန့်လွန်းလို့အခုန်မြန်နေခဲ့သည်။
" သက် သက်သာရဲ့လားဟင် "
" ဘယ်နေရာထိသွားသေးလဲ ရဂုံကြောင့်ဒီလိုဖြစ်သွားတာကို..... "
" တကယ်တောင်းပန်ပါတယ်နော် "
" ရပါတယ်..... ငါပြနေကျဆေးရုံမှာသွားပြလိုက်ပါမယ် "
စိတ်ရင်းနဲ့တောင်းပန်နေတဲ့ သူမရဲ့တိုးတိမ်နေသောစကားသံလေးကြောင့် ညင်သာစွာပြန်ဖြေလိုက်သည့်ငွေလွှား။
ထိုသို့ပြောလိုက်မှသာ မျက်နှာလေးမော့ကြည့်လာပြီး သွားဖြစ်အောင်သွားနော်ဆိုကာ မရဲတရဲလေးထပ်ပြောနေ၍ ဘာရယ်မဟုတ် သူမစိတ်ကျေနပ်အောင်ရော သူ့ခါးကပါနာလို့လာသည်မို့ သူမလည်းဒဏ်ရာရခဲ့မှာစိုး၍ တစ်ခါတည်းခေါ်ကာသူ့ကားဖြင့်ပင် သာကီနွယ်ဆိုသောဆေးရုံကြီးသို့မောင်းခဲ့လိုက်သည်။
ဆေးရုံကိုရောက်နေမည့်အကြောင်း ဖုန်းဆက်အကြောင်းကြားပြီးလျှင်တော့ မကြာခင်တစုံတစ်ယောက် ပျာယာခတ်ပြီးရောက်ချလာမှာသေချာသည်။ ထိုသေချာခိုင်လုံနေသောအကြောင်းတရားကြောင့် ဆေးရုံကိုရောက်မှသာ ဖုန်းဆက်အကြောင်းကြားဖို့ ဘေးမှာထိုင်နေသောကောင်မလေးကိုသတိပေးရသည်။ မဟုတ်လျှင် ဆေးရုံကိုသူ့ထက်အရင်ရောက်နှင့်နေမှာ ကြိုတင်မြင်ယောင်နေသည်။
..........................................................
မိဘပိုင်ဆေးရုံကြီးပေမို့ ကားကိုဆေးရုံဝင်းထဲရပ်လိုက်သည်နှင့် ဆေးရုံစောင့်တွေကကားတံခါးလာဖွင့်လို့ပေးကြသည်။ သို့သော် အခုလာရင်းကိစ္စက ထိုသို့စိတ်ရှည်စွာစောင့်ပြီးနေလို့မဖြစ်တာမို့ ကိုယ့်လက်နှင့်ကိုယ်ကားတံခါးဖွင့်ပြီးဆင်းလာလိုက်သည်။
ကားကိုတော့သူတို့ကိုသာပါကင်ထိုးခိုင်းရမည်မို့ သူမပြိုင်ကားသော့လေးကိုပစ်ပေးရင်း သာကီနွယ်ဆိုသောဆေးရုံကြီးထဲသို့ဝင်လာခဲ့သည်။ ဓာတ်လှေကားထဲဝင်ကာ တက်ရမယ့်အထပ်ကိုဂုံးလေးဖုန်းဆက်ထား၍သိထားပြီမို့ ခလုတ်နှိပ်လိုက်ရုံပင်။ ဆေးရုံကောင်တာမှာတကူးတက သွားမေးနေစရာလည်းမလိုတော့ချေ။
ဓာတ်လှေကားပွင့်လာသည်နှင့် စိုးရိမ်ပူပန်နေသောစိတ်ကြောင့် ခြေလှမ်းတွေကဘယ်လိုငွေလွှားနေသည့်အခန်းရှေ့သို့ ရောက်လာမှန်းပင်မသိလိုက်ပေ။ အခန်းတံခါးကိုစိတ်လောကြီးစွာဆွဲဖွင့်ပြီးမှ မမြင်ရက်တဲ့ပုံစံဖြစ်နေမှာလည်းကြောက်နေမိသည်။
သို့သော် အထင်နှင့်အမြင်တက်တက်စင်လွဲကာ သာကီကိုပြုံးပြီးကြိုဆိုနေတဲ့ အကောင်းပကတိခန္ဓာကိုယ်နှင့် ဆေးရုံကုတင်ပေါ်ထိုင်နေသောငွေလွှားကြောင့် စောစောကမောင်းလာတဲ့ကားအရှိန်ကိုပြန်တွေးမိရင် လမ်းမှာကိစ္စချောတတ်ရင်ချောနေလောက်ပြီလို့သာတွေးမိတော့ သူမကိုယ်သူမရယ်ချင်သွားသည်။ ငွေလွှားအပေါ်သူမထိုမျှလောက်အထိ အသက်တောင်အလေးမထားဘဲ သံယောဇဉ်ပိုနေမိခဲ့ပြီလား။
" ဖြည်းဖြည်းလာပါ ဝေသာကီရယ်..... အန်ကယ်တို့အစားရင်လေးတယ် တံခါးတြွေပုတ်ထွက်ကုန်မြှဖင့် "
" ငွေကုန်နေပါဦးမယ်ဟာ...... "
" ကုန်ပါစေ..... နင်သေပြီလားလို့ ငါ့မှာပြေးကြည့်ရတာ "
" အေးပါ အလတ်ကြီးရှိသေးတယ်..... ဖြည်းဖြည်းလာမှပေါ့ "
" ချော်လဲလို့ဒူးကွဲရင် ငါမသနားဘူး "
သူမကိုပြန်စနေမှန်းသိပေမဲ့ သာကီမှာမရယ်နိုင်ခဲ့ပေ။ လက်မှာစည်းထားတဲ့ပတ်တီးဖွေးဖွေးဆီသာ အကြည့်ရောက်နေလေသည်။ ဘယ်လိုကြောင့် ဒီလိုဒဏ်ရာတွေရခဲ့တာလဲငွေလွှားရယ်။
" နင်ဘယ်လိုလုပ်ဒဏ်ရာရလာတာလဲ..... နောက် ဂုံးလေးရော..... သူဘယ်ရောက်သွားလဲ စောစောကအတူရှိနေတာဆို "
ဂုံးလေးဆိုသည်နှင့် ငွေလွှားမျက်မှောင်ကကြုတ်လို့သွားသည်။ ဒါကိုသဝန်တိုခြင်းလို့ အမည်တပ်လို့ရသလား။
" လာတာနဲ့သူ့ပဲရှာနေပြီ ရှိတယ်..... "
" သူလည်းဆေးသွားထည့်တာ တံတောင်ပွန်းသွားလို့ "
" ဘယ်လိုဖြစ်လဲလာမမေးနဲ့..... "
အကြောင်းပြချက်မရှိဘဲ ထိုကောင်မလေး၏အမည်နာမကြောင့် စိတ်တိုလာတတ်ခဲ့ပြီ။ သာကီကတော့သူ့ကိုနားမလည်သလိုကြည့်လို့နေကာ သက်ပြင်းဖွဖွချရင်း အခန်းထဲဝင်လာသည့်ရဂုံကို ငွေလွှားဒေါသစက်ကွင်းမှလွတ်အောင်အပြင်သို့ခေါ်လာခဲ့လိုက်သည်။
" ဝေဝေ ဘာဖြစ်လို့လဲ..... "
သာကီကိုမေးနေလေသောဂုံးလေးကို တံခါးကိုသေချာပြန်စေ့ပိတ်ရင်း ခေါင်းသာခါပြလိုက်ရသည်။ ပြီးတော့ နှစ်ယောက်သားဘယ်လိုဆုံပြီး ဒဏ်ရာရလာကြသည်ကို သာကီသိချင်လာ၍ ခပ်လှမ်းလှမ်းနေရာကိုခေါ်သွားကာ မျက်နှာချင်းဆိုင်အနေအထားဖြင့်။
" ဂုံးလေးကိုမေးစရာရှိတယ်..... ဂုံးလေးတို့ဘယ်လိုဆုံကြလို့..... ဒီဆေးရုံရောက်နေကြတာလဲ "
" ဘာကိစ္စဆိုတာလဲ ခုထိမသိရသေးဘူး "
သာကီမေးလိုက်သည်ဆိုရင်ပဲ ခေါင်းကိုကုတ်နေရင်း ဖြေဖို့အစရှာနေသည့်ဂုံးလေးကြောင့် ဟိုတစ်ယောက်တစ်ခုခုမွှေထားလို့ဆိုတာ အတပ်သေချာလို့နေပါပြီ။ သို့သော် ထိုအတွေးများသည် ဂုံးလေးအဖြေမကြားခင်ထိမျှသာ သာကီအတွေးသက်သက်ဖြစ်ခဲ့သည်။
" အဲဒါက..... ကျန်တာရှင်းပြမတတ်တော့ဘူး "
" သူကယ်တော့ကယ်လိုက်တာပဲ အစကရန်ဖြစ် အယ် သူနဲ့စကားများကြရုံပဲ..... "
" ပြီးတော့ ရဂုံလမ်းကူးဖို့လုပ်တော့ ကားတစ်စီးကတည့်တည့်ကြီးလာနေတာ အဲမှာသူကယ်လိုက်တာပဲ "
" ..... "
ဂုံးလေးပြောလာသောစကားကြောင့် သာကီအတော်လေးဆွံ့အလို့သွားမိသည်။ လူတွေကိုရွံမုန်းပြီးအသန့်ကြိုက်တတ်တဲ့သူက မြင်မြင်ချင်းမျက်မုန်းအကျိုးခံနေရတဲ့ဂုံးလေးကို ကားမတိုက်မိအောင်ကယ်လိုက်သည်လား။ အကြောင်းအရင်းကဘာလို့များလဲဆိုတာ သာကီမစဉ်းစားတတ်တော့။
နင်အရမ်းထူးဆန်းတယ် ပျံလွှား.....
မုန်းနေတဲ့သူတစ်ယောက်မပြောနဲ့ နင်တန်ဖိုးထားတဲ့သူကိုတောင် လက်နဲ့အလွယ်တကူအထိခံမယ့်လူစားမဟုတ်ခဲ့ဘူးလေ.....
..........................................................
BẠN ĐANG ĐỌC
ဝင်သက်ထွက်သက် ( Z + U ) ©
Lãng mạnငါရဲ့ဝင်သက်ထွက်သက်တိုင်းက မင်းရှိမှပြည့်စုံလိမ့်မယ် ရဂုံ.....