" ညီမလေး..... "
အိမ်ပေါက်ဝမှာဖေဖေ့ခြေညှပ်ဖိနပ်လေးကို နေရာတကျပြန်ထားနေခိုက် နားထဲကြားလိုက်ရတဲ့ ဧည့်ခန်းထဲကမေမေ့ရဲ့အံ့သြသွားတဲ့အသံလေး။ ရဂုံလည်းဘာများဖြစ်တာလဲလို့ ကြောင်တောင်တောင်လေးအိမ်ထဲဝင်လာလိုက်တော့ ကျောပေးကာရပ်နေသောလူနှစ်ယောက်။ တစ်နည်းပြောရရင်တော့ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးနှစ်ဦးကိုမြင်လိုက်ရတာပါ။
" ဖေဖေ ဘာဖြစ်ကြတာလဲဟင် "
အံ့သြနေပေမဲ့နှုတ်ဆိတ်နေတဲ့ဖေဖေကိုရဂုံမေးရင်း လှည့်ကြည့်လာကြတဲ့ထိုအမျိုးသမီးနှစ်ယောက်ကိုမြင်လိုက်တဲ့အချိန်၌ မေမေ့မျက်ဝန်းထဲကမျက်ရည်ရဲ့အဓိပ္ပါယ်ကို ရဂုံနားလည်မိသွားတော့သည်။
" တီတီလေး "
ဟုတ်တယ် ရဂုံကိုငယ်ငယ်လေးကတည်းက အရမ်းချစ်ပြီးအလိုလိုက်ပေးခဲ့တဲ့ မေမေ့ရဲ့တစ်ဦးတည်းသောညီမငယ် ဒေါ်နသီဦး။ မိသားစုမရှိတဲ့ဖေဖေရော မေမေကပါအလိုလိုက်ထားခဲ့သည့် ရဂုံထက်ရှစ်နှစ်သာကြီးသော ရဂုံသိပ်ချစ်ရတဲ့တီတီလေး။ လက်တွဲဖော်ကမိန်းကလေးတစ်ဦးဖြစ်ခဲ့၍ ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုတွေကြောင့် အားလုံးနဲ့အဝေးကိုထွက်သွားကြတဲ့တီတီလေးက အခုရဂုံရှေ့မှာပြုံးပြုံးကြီးရပ်နေခဲ့ပြီ။
" ရဂုံလေးကို တီလေးအရမ်းသတိရနေမိတာ "
" မတွေ့ရတာဘယ်လောက်ကြာပြီလဲ ကြည့်ပါဦး အရပ်ကြီးရှည်လာလိုက်တာ ဂျပုမလေးမဟုတ်တော့ဘူးပဲ "
ရဂုံကိုခြေဆုံးခေါင်းဆုံးကြည့်ရင်း နွေးထွေးစွာဖက်ထားပေးသော အရမ်းသတိရမိပါသောတီလေးရဲ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ထားလိုက်မိသည်။
ဘေးမှာရပ်ကြည့်နေသော ရဂုံရဲ့မိဘနှစ်ပါးရယ် နသီဦးရဲ့အိမ်သူသက်ထားရယ်ကတော့ ထိုတူဝရီးနှစ်ယောက်အလွမ်းသယ်နေတာကို မျက်ဝန်းတွေမှမျက်ရည်တွေနှင့် ကြည်နူးစွာပြုံးလို့ကြည့်နေကြလေသည်။ လွန်ခဲ့သောကိုးနှစ်ကတည်းက နားလည်မှုတွေနဲ့ ညီမဖြစ်သူရဲ့အချစ်ရေးကိုဝင်မစွက်ဖက်ခဲ့တဲ့ ဒေါ်ရသီဦးဟာ သဘာဝကိုဆန့်ကျင်နေတဲ့ချစ်ခြင်းကို နားလည်လက်ခံထားခဲ့သူတစ်ယောက်ပင်။
သို့သော်လည်း ပတ်ဝန်းကျင်တွေရဲ့သရော်သလိုကဲ့ရဲ့သလိုအကြည့်တွေက နားလည်မှုပေးခဲ့တဲ့ဒေါ်ရသီဦးကို ညီမဖြစ်သူနဲ့ဝေးအောင်ဖန်တီးခဲ့လေသည်။ အမုန်းတရားနှင့်မဟုတ်ဘဲ တစ်ဦးတည်းသောညီမငယ်ရဲ့ပျော်ရွှင်မှုအတွက် ဒီနိုင်ငံကနေထွက်သွားဖို့ကို မပြောချင်ဘဲပြောခဲ့ရသည်။
အဆက်အသွယ်တြွေဖတ်တောက်ခဲ့ရတဲ့ သူတို့ညီအစ်မနှစ်ယောက်ဟာ ပတ်ဝန်းကျင်ရဲ့အမြင်တစ်ခုအတွက်နှင့် သွေးသားသံယောဇဉ်ကိုဖြတ်ခဲ့ရတာ ယနေ့အထိပင်။ အခုတော့ သူမဆီကိုညီမငယ်နသီဦးပြန်ရောက်လို့လာခဲ့လေပြီ။ အခုနေဘယ်သူတွေဘယ်လိုလာပြောပါစေ အရင်ကလိုအမှားမျိုးဒေါ်ရသီဦးထပ်လုပ်လိမ့်မည်မဟုတ်ချေ။
နားလည်မှုတွေနှင့် တစ်ချိန်ကပြောချင်တဲ့စကားတွေကို တစ်ယောက်ကိုတစ်ယောက်မမြိုသိပ်ထားတော့ဘဲ အရှိကိုအရှိအတိုင်းလက်ခံကြောင်း ဖွင့်ဟပြောခဲ့ပါပြီ။ ရဂုံနွယ်အတွက်တော့ ထိုအရာတွေအားလုံးက အိပ်မက်လို့ထင်ရင်ထင်နေလိမ့်မည်။ သို့သော် သူမရှေ့ကပျော်ရွှင်နေကြတဲ့မိသားစုလေးကတော့ အရင်ကတည်းကဖြစ်သင့်နေတဲ့ မိသားစုပုံစံအစစ်အမှန်လေးပင်။
......................................................
" ညီမလေးကိုမမသတိရနေခဲ့ရတာ မမရဲ့ပတ်ဝန်းကျင်အမြင်ကြောင့် ညီမလေးကိုဒုက္ခခံစေခဲ့မိတာ မမအမှားပဲ "
" မဟုတ်တာမမရယ် မမဘက်ကမကြည်ဖြူခဲ့ရင် ဘေးလူအမြင်တွေဆွဲတွေးနေရင် နသီတို့အခုလိုလက်တွဲခွင့်ရမှာမဟုတ်ဘူး "
" နသီတို့ကသာ မမတို့ကိုအားနာနေမိခဲ့တာ ကဲ့ရဲ့တတ်တဲ့သူတွေကြားထဲထားပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းမိသလိုဖြစ်နေတော့..... "
ခေါင်းငုံ့ကာသူ့အိမ်သူလက်ကိုဆုပ်ကိုင်ထားတဲ့နသီကို ရသီကတော့မျက်ရည်ကြည်လေးဝဲကာကြည့်နေခဲ့လေသည်။ တစ်နေကုန်အလွမ်းသယ်ပြီးကြတာတောင် ညရောက်တဲ့အထိဧည့်ခန်းမှာထိုင်ကာ အခုထိတစ်ယောက်နဲ့တစ်ယောက် ငါမှားတယ်သူမှားတယ်လို့သာ ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံးသေးပေ။
ဒေါ်ရသီဦးရဲ့ခင်ပွန်းမှာလည်း ညီမလိုဖြစ်နေတဲ့နသီက ခုလိုအိမ်ပြန်ရောက်လာတာမို့ နှုတ်ဆိတ်နေသော်လည်း စိတ်ထဲမှာတော့ဝမ်းမြောက်နေသည်။ တကယ်တမ်းတော့ သူတို့လင်မယားနှစ်ယောက်လုံးမှာ လူလူချင်းခွဲခြားချင်စိတ်စိုးစဉ်မျှမရှိကြပေ။ တစ်ခုတော့ရှိပါသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘဲ စိတ်ကစားရုံသက်သက်မျှဆိုရင်တော့ သူတို့လင်မယားနှစ်ယောက်လုံးအားပေးမည်မဟုတ်ချေ။
နသီဦးဆိုတာက ထိုချိန်တုန်းကဘွဲ့ရအလုပ်ရှိသူတစ်ယောက်။ ကြိုးစားမှုတစ်ခုနဲ့ထိုက်သင့်တဲ့နေရာမှာ လစာကောင်းကောင်းရပြီး ရွေးချယ်ထားတဲ့လက်တွဲဖော်က မိန်းကလေးချင်းဖြစ်သော်လည်း တားမြစ်ခြင်းမပြုဘဲ နိုင်ငံရပ်ခြားကိုထွက်သွားဖို့ပြောခဲ့ကြတာပါ။
တစ်ဖက်မိသားစုဘက်က ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ပေမဲ့ တစ်ယောက်လက်တစ်ယောက်မလွှတ်နိုင်အောင် တကယ်ကိုချစ်မြတ်နိုးနေကြတာကိုမြင်နေရ၍သာ ချစ်ခြင်းတစ်ခုကိုမခွဲပစ်ခြင်းပင်။ လူလူချင်းချစ်တာကိုမတားမြစ်သော်လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်တော့ အရင်ကြိုးစားသင့်သည်လို့ လင်မယားနှစ်ယောက်လုံးကယူဆကြလေသည်။
" သမီးလေး ရဂုံ "
တီတီလေးပြန်ရောက်နေကြောင်းကို ဖုန်းနဲ့လွှားဆီစာပို့ရှင်းပြနေခိုက် မေမေ့ရဲ့ခေါ်သံနှင့်အတူ ဖေဖေ့ရဲ့အကြည့်တို့က ရဂုံဆီကိုစုပြုံလာသည်။ တီတီလေးတို့ကတော့ ဖေဖေနဲ့မေမေကိုသာကြည့်ရင်း တိတ်ဆိတ်နေကြသည်။
" ရှင်..... ဘာပြောမလို့လဲ မေမေ "
ဒီအခြေအနေက ဘယ်လိုကြီးများလဲ။ တကယ်ကိုကျောထဲချမ်းစိမ့်စိမ့်နှင့် တစ်ခုခုကိုဖြစ်တော့မလိုပေ။ ရဂုံစိတ်ထဲကအချက်ပြနေတဲ့ အဖျက်သဘောအတွေးတွေက ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်တော့မှာသိနေသည်။
" မနက်က မေမေအကုန်မြင်လိုက်တယ်သမီး "
" အဲကောင်မလေးကဘယ်သူလဲ "
" မေမေ "
ရဂုံစိတ်ထဲကအတိုင်း တကယ်ကိုဆိုးရွားတာဖြစ်သွားလေပြီ။ လွှားနဲ့အခုချက်ချင်းဝေးရတော့မှာလား။ ဘာလို့လဲ တစ်ကြိမ်လောက်တောင် ရဂုံကိုအခွင့်အရေးမပေးချင်ကြတာလဲ။ ဘာလို့လဲ ဘာလို့လဲမေမေရယ်။
" မမရယ် ဖြည်းဖြည်းသက်သာမေးပါလား ရဂုံလေးကြောက်နေရှာပြီ "
ရဂုံအနားကိုကပ်ထိုင်ပြီး လက်လာကိုင်ပေးသည့်တီတီလေးကို ပြန်မော့ကြည့်လိုက်ပြီး မေမေနဲ့ဖေဖေထိုင်နေတဲ့ဘက်ကိုကြည့်လိုက်တော့ သက်ပြင်းကိုဖွဖွချနေကြလေသည်။
" မေမေတို့ကိုမညာပါနဲ့ သမီး "
" မေမေသမီးနောက်ကိုလိုက်ကြည့်လို့ အကုန်မြင်လိုက်တယ် "
ဒေါ်ရသီစကားဆုံးရုံပဲရှိသေး တရှုံ့ရှုံ့စငိုနေသည့်သမီးကြောင့် ဘယ်လိုထင်မြင်သွားပြီဆိုတာ စိတ်ထဲသိနှင့်လိုက်လေပြီ။ သူမသိချင်တာက ဟုတ်သည် မဟုတ်သည်ပဲသိချင်ရုံပေ။ ဒီခေတ်လူငယ်တွေရဲ့စိတ်ကစားခြင်းလား သူငယ်ချင်းထက်ပိုရုံလားကိုမသဲကွဲ၍သာ သူမသမီးကိုထုတ်မေးရတာပါ။
" သမီး မေမေ့စကားကိုဘယ်လိုထင်သွားတယ်မေမေမသိဘူး ဒါပေမဲ့တစ်ခုတော့နားလည်ထားပေးသမီး မေမေသာခွဲချင်ရင်မနက်ကတည်းက သမီးကောင်မလေးနဲ့တွေ့ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ "
" မေမေ..... "
ပြောပြောဆိုဆို ရဂုံပြေးဖက်လိုက်တာက အမေဖြစ်သူရင်ခွင်နွေးနွေးဆီကို။ သူမဘယ်လိုအဖျက်အတွေးတွေပွားနေပါစေ တုံးအနေလွန်းသူတစ်ယောက်မဟုတ်ပေ။ ထိုစကားအသွားအလာကိုထောက်ချင့်ခြင်းအားဖြင့် သူမတို့ကိုသဘောတူနေပြီဆိုတာသိလိုက်ချေပြီ။
" ဒါဆိုမေမေတို့သဘောတူတယ်ပေါ့နော် ဟုတ်လားဟင် "
ရင်ခွင်ထဲကနေခေါင်းမော့ကြည့်နေသောသူမရဲ့သမီးကိုငုံ့ကြည့်ရင်း မနက်တုန်းကဟိုကောင်မလေးပြောတာကိုပင်သတိရမိသွားသည်။ ကိုအာလာဝက်ဝံဆိုတာလား သူမသမီးကတကယ်ကိုတူပါသည်။ မအေဖြစ်သူခေါ်နေတာကိုလည်းမကြား မလှမ်းမကမ်းကနေရပ်ကြည့်နေလည်းမမြင်နှင့် နှစ်ယောက်သားဖက်နေလိုက်ကြတာ ရပ်ကြည့်နေမိတာတောင်မျက်နှာရှက်ရသည်။
" ဖေဖေတို့ဘက်က သဘောတူတယ်မပြောရသေးဘူးလေ "
" ဟင် မေမေပြောတာတော့ "
" ခဏလေးသမီး ဖေဖေပြောတာသေချာနားထောင်ပေး ဟုတ်ပြီလား "
" ဖေဖေမေးချင်တာက သမီးတို့နှစ်ယောက်ကိုမတားမြစ်ပေမဲ့ ပတ်ဝန်းကျင်မှာကြံ့ကြံ့ခံနိုင်ဖို့ နှစ်ယောက်လုံးရင့်ကျက်ကြပြီလား..... အလုပ်ကရော မည်မည်ရရရှိကြပြီလား..... သမီးတီတီလေးတောင် အခုချိန်ထိပြောချင်နေသူတွေရှိနေသေးတယ်သမီး "
" ပတ်ဝန်းကျင်ဆိုတာ လျစ်လျူရှု့ထားသင့်လျစ်လျူရှု့ရပေမဲ့ အဲလိုနေနိုင်ဖို့အတွက် သမီးမှာအလုပ်တစ်ခုရှိသင့်တယ်နော် သမီးကောင်မလေးဘက်ကိုဖေဖေမပြောသေးဘူး သမီးတစ်ယောက်တည်းနဲ့တင် ပြောစရာဖြစ်နေပြီ "
သူမအဖေရဲ့စကားက အမှားတစ်ခွန်းမှမပါသောကြောင့် ခေါင်းကိုသာငုံ့လိုက်မိသည်။
" ဖေဖေပြောတာတွေမှန်ပါတယ် သမီးဖေဖေပြောသလို..... ကြိုးစားရင်ရော လက်ခံပေးမှာလားဟင် "
မျက်နှာလေးညှိုးကာမေးနေသော သူ့ရဲ့သမီးကို ဦးမြိုင်ယံကြည့်ကာ အပြုံးတစ်ပွင့်နှင့်အတူ။
" သုံးလအချိန်ပေးမယ်သမီး "
" အလုပ်တစ်ခုရှာရတာမလွယ်တော့ ဖေဖေပေးတဲ့သုံးလကမများသလို မနည်းလည်းမနည်းဘူး "
" အဲဒီအချိန်အတွင်းမှာ အလုပ်တစ်ခုရှာနိုင်ရင် ဖေဖေတို့ဘက်ကမတားမြစ်တော့ဘူး တစ်ခုပဲ..... သမီးကောင်မလေးကိုတော့ အကဲခတ်ချင်သေးတယ် "
" ဟုတ်တယ်သမီး သမီးဖေဖေပြောသလိုပဲ သင့်တော်သည် မသင့်တော်သည်ဆုံးဖြတ်ချင်သေးတယ် "
" မေမေတို့က သားမက်ရွေးနေတာမဟုတ်တော့ သမီးကောင်မလေးကအပျော်တွဲရုံဆိုရင် နောက်မှသမီးဂုဏ်သိက္ခာကိုတာဝန်ယူခိုင်းဖို့ မေမေတို့မတတ်နိုင်ဘူး "
" မေမေဘာပြောတယ်ဆိုတာ သမီးလည်းလူငယ်တစ်ယောက်မို့ နားလည်နိုင်မှာပါ "
ရဂုံအဒေါ်ဖြစ်သူနသီဦးကတော့ အစ်မနဲ့ခဲအိုရဲ့စကားက ဖြစ်သင့်ဖြစ်ထိုက်တာတွေသာပြောသွားတာကြောင့် စိတ်ထဲလေးစားသွားရသည်။ ငယ်ငယ်လေးကတည်းက သူမကိုပဲ့ပြင်ဆုံးမလာတာမှန်သော်လည်း အခုလိုနားလည်မှုပေးနိုင်တာကိုတွေ့ရတော့ ရဂုံလေးမှာမိဘရကံကောင်းသည်လို့ဆိုရမည်။
" မေမေပြောတာသမီးနားလည်ပါတယ်..... လွှားကလည်း အဲလိုလူစားမဟုတ်ပါဘူး "
" ပြီးတော့..... သူ့မှာမိသားစုတွေမရှိတော့ပါဘူး အလုပ်တစ်ခုလည်းကောင်းကောင်းရှိပြီးသားပါ "
" သြော်..... ဒါဆို သမီးကောင်မလေးက အခုတစ်ယောက်တည်းနေတာလား "
" ဟုတ်တယ်မေမေ "
စိတ်မကောင်းသွားပုံရတဲ့ဖေဖေနဲ့မေမေကိုကြည့်ပြီး မေမေ့အမေးကိုရဂုံပြန်ဖြေလိုက်တော့ နှစ်ယောက်လုံးသက်ပြင်းချလိုက်ကြသည်။ ဖေဖေ့ဆီကနေ ခဏအကြာမှာ မနက်ဖြန်ကျရင်တွေ့ကြည့်ချင်တယ်ဆိုတဲ့ ခပ်ဖျော့ဖျော့လေသံလေးထွက်လာကာ သက်ပြင်းတစ်ကြိမ်ထပ်ချလေပြန်သည်။
မယုံနိုင်စရာကောင်းလောက်အောင် တစ်ရက်တည်းတစ်ကြိမ်တည်းနှင့် ပထမအဆင့်ကိုကျော်ဖြတ်သွားနိုင်ပြီ။ အခုဖြစ်ပျက်နေတာတွေက အိပ်မက်တော့မဖြစ်နိုင်လောက်ပေ။ အိပ်မက်လို့လည်း မည်သူကမှလာမပြောကြပါနဲ့လား ရဂုံဘဝမှာဒီနေ့ကအပျော်ရဆုံးနေ့လေးမို့။
လွှား..... ရဂုံတို့နီးစပ်ဖို့ စာမေးပွဲတစ်ဆင့်တော့အောင်သွားပြီသိလား
မနက်ဖြန်ကျရင်စစ်မယ့်စာမေးပွဲမှာ လွှားသာကြိုးစားဖြေရင်
ပတ်ဝန်းကျင်ဆိုတဲ့အခက်အခဲကို လွယ်လွယ်အံတုကျော်ဖြတ်လို့နိုင်ပြီ။
.......................................................
أنت تقرأ
ဝင်သက်ထွက်သက် ( Z + U ) ©
عاطفيةငါရဲ့ဝင်သက်ထွက်သက်တိုင်းက မင်းရှိမှပြည့်စုံလိမ့်မယ် ရဂုံ.....