ကြီးကျယ်ခမ်းနားတဲ့ခြံဝင်းထဲကနေ ပြိုင်ကားတစ်စီးထွက်လို့လာပြီး အရှိန်နှေးနှေးနဲ့ကွေ့သွားတာကို အဝေးတစ်နေရာမှစောင့်ကြည့်နေသော အနက်ရောင်ကားအတွင်းပိုင်းမှ ပါးလျလျပန်းရောင်နှုတ်ခမ်းလေးကို လွန့်ရုံလေးပြုံးလိုက်သည့် နှာတံလှလှမိန်းကလေးတစ်ဦး။
ထိုကားထွက်သွားရာဆီကို အတော်လေးဝေးသောအနေအထားမှ ခွာလိုက်လာကာ သွားနေကျဖြစ်သောဆေးရုံလမ်းအစား လမ်းကွေ့တစ်နေရာကိုချိုးကွေ့သွားသောကြောင့် ရိပ်မိလေပြီလားဆိုတဲ့အတွေးနှင့် ကားကိုဘရိတ်အုပ်လိုက်တော့။
လမ်းထိပ်မှာသာကားကိုရပ်ထားလိုက်ပြီး အထဲကနေစောင့်ကြည့်တော့မှ ကားဆီဖြည့်တဲ့ဆိုင်တစ်ဆိုင်ရှေ့မှာရပ်လိုက်တဲ့ ထိုကားလေးအား အတန်ကြာစူးစိုက်ကြည့်ကာ နှစ်ရက်တာအစီအစဉ်ကိုအဆုံးသတ်ဖို့ရာ အချိန်ကျပြီလို့တွေးလိုက်သည်။
Lamborghini aventador Sမော်ဒယ်အမျိုးအစား အဝါရောင်ပြိုင်ကားအမိုက်စားလေးကိုထားခဲ့ပြီး အနီးအနားကကော်ဖီဆိုင်ထဲကိုလှမ်းဝင်သွားတာက ထိုကားပိုင်ရှင်အတွက် ကြီးစွာသောအမှားတစ်ခုပင်။
ဆီဖြည့်ပေးနေသော အလုပ်သမားလေးရဲ့ လှည့်ထွက်သွားသောနောက်ကျောကို သွေးအေးအေးနဲ့လှမ်းလာလိုက်ပြီး လှပသောဓားချက်က ထိုကောင်လေးရဲ့အသက်ရှုခြင်းကိုချုပ်ငြိမ်းစေလိုက်သည်။
မှောင်ရီပျိုးစအချိန်ဟာ လက်ရည်ထက်နေတဲ့လူတစ်ယောက်အတွက် ပေါ်လာတဲ့အကြံကိုချက်ချင်းအကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်အခါပင်။ ခါတိုင်းနေ့တွေလိုလိုက်ပေးနေတဲ့ အဖြူရောင်ကားတစ်စီးက နေ့လယ်ကတည်းကမတွေ့မိသလို ညနေစောင်းခုချိန်ခါထိမတွေ့ရသေးတဲ့အတွက် ကံကြမ္မာရဲ့မျက်နှာသာပေးမှုအတိုင်း ဒီကားပိုင်ရှင်ကိုရှင်းပစ်ဖို့အချိန်တန်လေပြီ။
ဆီဆိုင်မှာဆီလာဖြည့်သည်ဆိုကတည်းက နောက်ဆုံးပေါ်ကားရဲ့အချက်ပေးသံဟာ ခဏတာတိတ်ဆိတ်နေမှာအသေအချာမို့ နေဝင်ချိန်ရဲ့အလှကိုရှု့စားရင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးလိုက်ပါသည်။
ပြီးရင်တော့ ဒီဆယ်ကျော်သက်အရွယ်ကောင်လေးအတွက် ရမည်ရှာစရာလူတစ်ယောက်ရွေးပေးပြီးရင် ထိုကားပိုင်ရှင်၏သေဆုံးမှုသည် ဘယ်လိုအကြောင်းနှင့်မျှ သူတို့ဆီကိုနွှယ်လာစရာမရှိတော့ပေ။ လုံးဝကိုသဘာဝကျကျ အဆုံးသတ်ပေးလိုက်တာက ပိုသဘာဝဆန်လိမ့်မည်သာ။
လုပ်သင့်တာတွေကိုလုပ်ပေးပြီးတော့ ကော်ဖီဆိုင်ထဲကထွက်လာတဲ့ ကားပိုင်ရှင်ကိုလှမ်းကြည့်ကာ အမှောင်ရိပ်ထဲကနေရယ်လိုက်မိလေသည်။
ကျသင့်ငွေကိုရှင်းကာ ပြိုင်ကားအဝါလေးထဲဝင်သွားသည်အထိ မမှိတ်မသုန်ကြည့်လို့နေသော ကားဆီဆိုင်အမှတ်အသားပါဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့အောက်က သွေးအေးရက်စက်သောမျက်လုံးအစုံကို ပြိုင်ကားအဝါပိုင်ရှင်လေးမှာတော့ သတိမူမိခြင်းမရှိခဲ့ချေ။
............................................................
အဝေးပြေးလမ်းမကြီးရဲ့ ရှင်းလင်းကာနေသောကောင်းကင်အောက်မှာ လိုအပ်သောမိုင်နှုန်းထက်လျှော့မောင်းလို့လာသော ပြိုင်ကားအဝါလေးတစ်စီး။ ထို့အတူ ထပ်ကြပ်မကွာလိုက်လာသော ခပ်ဝေးဝေးမှခဲရောင်ပြိုင်ကားလေး။
ရှေ့ကားထဲမှာတော့ စီယာတိုင်ပေါ်ကလက်သွယ်သွယ်လေးက တစ်ဖက်ခုံမှာတင်ထားတဲ့ဖုန်းကိုလှမ်းယူပြီး ကားကိုလမ်းဘေးကပ်ကာရပ်ဟန်ဖြင့် ကွေ့ချလိုက်သည်။ သို့သော် ချက်ချင်းရပ်လို့မသွားသော ဆက်သွားနေဆဲကားကြောင့် မျက်နှာတစ်ချက်ပျက်ကာ ဘရိတ်ကိုနှစ်ချက်လောက်နင်းလေသည်။
" ..... "
ပြိုင်ကားအဝါထဲမှမိန်းကလေးကတော့ တစ်ခုခုပြောလိုဟန်ဖြင့် နှုတ်ခမ်းလေးကိုလှုပ်လိုက်သော်လည်း စကားသံအစား နှုတ်ခမ်းလေးသာတွန့်ကွေးသွားခဲ့သည်။
ရပ်လို့မရတဲ့ကားကို ကွေ့နေမယ့်အစား ဆက်ပြီးပေးသွားနေတာပိုသင့်တော်သည်ဆိုတဲ့ အတွေးဆိုးလေးနဲ့သူမကတော့ တစ်နေ့မှာကြုံလာရမယ့်ကိစ္စဆိုတာ ကြိုသိနှင့်ပြီးသားပင်။
ဒီတိုင်းသာဆက်သွားနေရင် ကုန်ကားတစ်စီးမဟုတ်ရင် ကားတစ်စီးစီးနှင့်တော့ ဝင်ဆောင့်မိမှာသေချာသည်။ သေရမယ်ဆိုတဲ့အတွေးကြောင့် စီယာရင်ကိုဆုပ်ကိုင်ထားတဲ့ လက်သွယ်သွယ်လေးမှာ ချွေးစေးတို့ပင်ပြန်နေလေပြီ။ သူမရဲ့သေခြင်းတရားက လူသူကင်းမဲ့နေတဲ့ ဒီအဝေးပြေးလမ်းမထက်မှာတဲ့လား။
ထိုချိန် နောက်ကနေအရှိန်နှင့်လာနေသော ခဲရောင်ပြိုင်ကားတစ်စီးကို ဘရိတ်မမိတော့တဲ့ ပြိုင်ကားအဝါပိုင်ရှင်သူမ သတိမူမိသွားချိန်၌ သေခြင်းတရားကစောစောရောက်လာသလိုမျိုး မျက်လုံးတြွေပာဝေသွားခဲ့ရသည်။
ကျွီ..... ဒုန်း !
အဝေးပြေးလမ်းမထက်မှာ အရှိန်ပြင်းပြင်းကားဘီးပွတ်တိုက်သံနှင့် ပြိုင်ကားတစ်စီးရဲ့ညာခြမ်းကို နောက်ပြိုင်ကားတစ်စီးရဲ့ခေါင်းပိုင်းဖြင့်တိုက်မိသံဟာ တိတ်ဆိတ်နေသောညအချိန်ခါမှာ ကျယ်လောင်စွာထွက်ပေါ်လာလေတော့သည်။
ခဲရောင်ပြိုင်ကားရဲ့ မောင်းသူရှိရာဘယ်ဘက်ခြမ်းကနေ သွေးတစက်စက်ကျကာထွက်လာတဲ့ မိန်းကလေးတစ်ယောက်။ ယိုင်လုမတက်ဖြစ်နေတဲ့ခြေလှမ်းကိုထိန်းကာ လက်ကနေဖုန်းနံပါတ်တစ်ခုကိုအသင့်ခေါ်ပြီး နဖူးထက်မှသွေးတို့ကိုဂရုမမူနိုင်စွာပင်။
ပြိုင်ကားအဝါနားဆီရောက်တော့ လေအိတ်ပွင့်သွားတဲ့သူမကိုတွေ့မှ စိတ်ချသွားသလိုရှိကာ နဖူးထက်မှနာကျင်မှုကိုမေ့ထားရင်း ဝတ်ထားတဲ့အနွေးထည်ကိုချွတ်ပြီး ညာဘက်လက်အပြည့်စည်းလိုက်သည်။
ပြီးတော့ ယိုင်လုယိုင်ခင်ခြေလှမ်းဖြင့် သူမကိုမထိခိုက်နိုင်မယ့် ညာဘက်ခြမ်းကားမှန်ဆီသွားကာ အဝတ်ပတ်ထားတဲ့တံတောင်ဖြင့် ပြိုင်ကားမှန်ကိုအကြိမ်များစွာတိုက်ကာခွဲပစ်လိုက်ရင်း ကွဲသွားတဲ့မှန်ကနေတဆင့် သူမမျက်နှာကိုငေးကြည့်မိလေသည်။
ကားထဲကိုလက်နှိုက်လျိုကာ လော့ခ်ဖွင့်လိုက်ပြီး သူမကိုယ်လေးကိုဆွဲထုတ်ပြီးပွေ့ချီကာ မကြာမီရောက်ရှိလာတဲ့ အချက်ပြမီးအနီရောင်နဲ့ ဆေးရုံတင်ကားထဲကို ဝန်ထမ်းတွေကိုမကူစေဘဲထည့်လိုက်သည်။
" စောစောသတိပြုမိသင့်တာ..... အခုတော့ ဒဏ်ရာရသွားရပြီနော် "
မဆိုစလောက်ဒဏ်ရာသာရှိတဲ့ သတိမေ့နေသောသူမကိုကြည့်ပြီး တိတ်တိတ်လေးဆိုနေသော မိန်းကလေးရဲ့နဖူးထက်၌တော့ သွေးတွေကမြင်လို့ပင်မကောင်း။
............................................................
ခုနစ်လခန့်ကြာသော်.....
အသိမိတ်ဆွေအနည်းငယ်နှင့်အတူ ချစ်မြတ်နိုးရသောသူမရဲ့မိဘတွေသာပါသည့် လက်ထပ်ပွဲလေးကတော့ သူ့အပိုင်ပန်းခြံကျယ်ကြီးတစ်ခုမှာကျင်းပဖြစ်လေသည်။
ခမ်းနားခြင်းထက်နွေးထွေးမှုအပြည့်ဖြင့် ဘဝခရီးလမ်းတလျှောက်လက်တွဲသွားရမည့် ဘဝခရီးဖော်သူမရဲ့လက်ကိုတွဲကာ သက်ဆုံးတိုင်လျှောက်လှမ်းဖို့အတွက် ရှုပ်ထွေးတဲ့ကတိကဝတ်တွေအစား ရိုးရှင်းသောစကားလုံးဖြင့်သာ လူသားနှစ်ဦးရဲ့လက်ထပ်ပွဲကိုချည်နှောင်စေခဲ့သည်။
" ဝင်သက်ရှိသရွေ့ ထွက်သက်ဆုံးတိုင် သစ္စာမပြယ်ချစ်သွားပါရစေဂုံးလေး..... "
ရှက်သွေးဖြာကာခေါင်းလေးငုံ့လိုက်သော ငွေလွှား၏ချစ်ရသောကောင်မလေး။
ဆင်တူအဖြူရောင်သတို့သမီးဂါဝန်လေးနှင့် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ကာ ချစ်ခြင်းတို့ကိုပိုခိုင်မြဲစေမည့် လက်ထပ်လက်စွပ်လေးကို သူမရဲ့လက်သူကြွယ်မှာဆင်မြန်းရင်း တဖန်သူ့လက်လေးကိုဖြန့်ကာ သူမဝတ်ပေးလာတဲ့ ချစ်သက်လက်စွပ်ကို ကြည်နူးစွာကြည့်ပြီး အကြင်နာအနမ်းတစ်ပွင့်ကို သူမရဲ့နဖူးထက်သို့ခြွေချလိုက်သည်။
အားလုံးသောဧည့်ပရိသတ်ရဲ့ သောင်းသောင်းဖြဖြလက်ခုပ်သြဘာသံကြား မျှော်လင့်နေမိသောလက်ခုပ်သံလေးကို လူအုပ်တွေကြားထဲ ကိုယ်စီရှာကြည့်မိကြသေးသည်။ ခဏတာပျက်ယွင်းသွားသောမျက်နှာထက် အပြုံးတစ်ပွင့်ကိုယ်စီဖန်ဆင်းရင်း သတိတရရှိလှသောသူငယ်ချင်းတစ်ယောက်ကို တမ်းတမိကြလေသည်။
" ဖေဖေတို့သမီးနှစ်ယောက်လုံးက တကယ်ကိုအချောအလှလေးတွေပဲ "
သူမရဲ့ဖေဖေစကားကို ငွေလွှားပြုံးပြလိုက်မိသည်။ စတွေ့တုန်းကတည်းက နွေးထွေးမှုကိုခံစားမိစေသော ဒီမိသားစုလေးက အခုတော့တကယ်မိသားစုတြွေဖစ်သွားခဲ့ပြီပဲ။
" ဖေဖေတို့ကိုလွမ်းနေတော့မှာ..... "
" အံမယ် ကျွန်မကိုတော့ရှင်ကမလွမ်းဘူးပေါ့လေ "
ဂုံလေးရဲ့ဖေဖေကိုချွဲနေရာမှ မေမေယောက္ခမရဲ့ ခပ်ရွဲ့ရွဲ့လေးပြောလိုက်သောအပြောကြောင့် ငွေလွှားရဲ့ကောင်မလေးမှာ ပြူးပြူးပြဲပြဲဖြစ်သွားရှာသည်။ ငွေလွှားကတော့ ဖေဖေနဲ့မေမေကြားက အချွဲလေးကိုသာကြည့်ပြီး ပြုံးလိုက်ရယ်လိုက်နှင့်သာရှိတော့သည်။
ခဏကြာတော့ ဖိတ်ထားတဲ့ဧည့်သည်တွေဝိုင်းကို ဂုံးလေးလက်ကိုတွဲပြီး လိုက်နှုတ်ဆက်နေလိုက်သည်။ တစ်ယောက်ကိုတစ်ယောက်ကြည်နူးစွာကြည့်လိုက် လက်လေးချိတ်ပြီးလိုက်နှုတ်ဆက်ရနဲ့ နာမည်နာမ်စားတစ်ခုကိုတောင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။
မင်္ဂလာဧည့်ခံပွဲလေးပြီးသွားတော့ ကားထဲမှာအသင့်ယူလာတဲ့အဝတ်အစားတွေကို သတို့သမီးဝတ်စုံနှင့်တစ်ယောက်တလှည့်လဲဝတ်ရင်း မိဘတွေကိုနှုတ်ဆက်ဖို့အတွက် သူမမိဘကားဆီလျှောက်လာလိုက်သည်။ တင်းကျပ်အောင်ဆုပ်ကိုင်ထားသော တွဲလက်တို့ကတော့ ကြားလေတိုးမရအောင်ရှိလေသည်။
" ဖေဖေနဲ့မေမေ သမီးတို့ကိုသွားခွင့်ပြုပါဦး "
ငွေလွှားထိုသို့ဆိုလိုက်တော့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ နွေးထွေးလွန်းသောမိခင်အငွေ့အသက်ဖြင့် ထုံလွှမ်းနေသောလေသံနှင့်။
" အေးအေး သမီးတို့နှစ်ယောက်လုံး သေချာဂရုစိုက်သွားကြဦးနော် "
" ဟိုရောက်ရင်လည်း ဖုန်းဆက်နော်..... ရဂုံလေးဆိုးလည်းမေမေ့ကိုပြော သိလား "
" ဟာ မေမေနော် "
တီတီနသီနဲ့ တီတီအိမ်သူတို့ကိုသွားချွဲနေရာမှ ငွေလွှားတို့စကားဝိုင်းထဲဝင်လာတဲ့ ချစ်စဖွယ်အသံလေးနှင့် ဆူပုတ်ကာလာနေသောသူမကို ဖေဖေနဲ့မေမေကရယ်ကြသလို ငွေလွှားလည်းပြုံးတုံ့တုံ့ဖြစ်မိသည်။ ဘယ်လိုတောင်ကလေးဆန်ပြီး ချစ်ဖို့ကောင်းနေရတာလဲကွာလို့ စိတ်ထဲကအခါခါပြောရင်း။
ဝေးဝေးလံလံရေခြားမြေခြားသွားမည်မဟုတ်သော်လည်း မိဘတို့မည်သည်စိတ်ပူတတ်သည့်အတိုင်း ကားပေါ်ရောက်တဲ့အထိ တဖွဖွမှာလို့နေသောဖေဖေနဲ့မေမေကို ခေါင်းကိုယ်စီညိတ်ပြကာ အသစ်စက်စက်အပန်းဖြေစံအိမ်ဆီသို့။
...........................................................
ရောက်ကတည်းက အပန်းဖြေစံအိမ်အနောက်ဘက် သဘာဝစမ်းချောင်းလေးမှာ ရေသွားကစားလိုက် အလှစိုက်ပန်းခင်းထဲပြေးလွှားလိုက်နှင့် လိုက်ဖမ်းလို့မနိုင်လောက်အောင် မျောက်ဆော့လွန်းတဲ့သူမ။
အခုများတော့မောသွားပြီထင်ရဲ့ အိပ်ခန်းလေးရဲ့အပြင်ဘက်က လေသာဆောင်မှာရပ်ရင်း ညနေခင်းရဲ့အလှကိုခံစားနေသည်။ ညနေစာစားဖို့လိုက်ရှာတော့ ဒီနေရာမှာရှိနေမယ်ဆိုတာသိလို့ တမင်ခြေသံဖွဖွလေးနင်းပြီး အခန်းထဲဝင်လာမိသည်။
" ကိုအာလာလေး ဘာတွေငေးနေတာလဲ..... "
အနားရောက်တော့မှ ခါးသေးသေးလေးကိုလက်နှစ်ဖက်နဲ့ယှက်ကာ သူမပခုံးလေးပေါ်မေးတင်ပြီး နားဖျားလေးကိုကပ်ကာမေးတော့ ရှက်သွေးဖြာကာကိုယ်လေးတုန်သွားရှာလေသည်။
တော်တော်လေးကြာသွားတော့ ငွေလွှားကိုခပ်စောင်းစောင်းလေးလှည့်ကြည့်လာတဲ့ ရှက်သွေးကြွယ်မျက်နှာလေးက အကြည့်ချင်းဆုံချိန်မှာ ပါးလေးတွေရဲတက်သွားလေရဲ့။
" ဘယ်သူကtachiလဲဟင် "
အိုး မေးတတ်လိုက်တာလို့ ငွေလွှားအော်ပြောလိုက်ချင်ရဲ့။ အရမ်းကိုကြည်နူးဖွယ်ကောင်းနေတဲ့အချိန်မှာ တကယ်ကိုကလေးလေးအတိုင်း ပေါက်ပေါက်ရှာရှာမေးလိုက်သည့် ငွေလွှားရဲ့ချစ်ဇနီးလေးကို အပြစ်ပေးဖို့လိုပြီထင်သည်။
" အဲဒါ က လား..... "
အနှေးပြကွက်လိုစကားနဲ့ ဂျင်းအတိုလေးသာဝတ်လို့ထားသော ဂုံးလေးရဲ့မညိုလွန်းသောပေါင်တံလေးဆီ လက်ကစားလိုက်ရင်း လက်တစ်ဖက်ကရှပ်အင်္ကျီပွပွလေးကို အသာဆွဲတင်ကာ ဗိုက်သားလေးဆီပြေးလွှားလိုက်တော့ နှုတ်ခမ်းလေးကိုက်သွားလေတဲ့ဂုံးလေးရဲ့ အသည်းယားစရာပုံစံလေး။
ထို့ကြောင့် လက်နှစ်ဖက်လုံးက ပခုံးထက်ဆီတက်လာကာ အင်္ကျီစလေးကိုလျှောချရင်း ပခုံးထက်အနမ်းခြွေလိုက်မိသည်။ ကြင်နာစွာခပ်ဖွဖွလေးကိုက်မိပြန်တော့ မော့ကြည့်လိုက်တဲ့အခိုက်ဟာ အနီရောင်နှင်းဆီပန်းတွေ ကျူးလစ်ပန်းတွေက ဂုံးလေးမျက်နှာမှာဖူးပွင့်သွားကြသည်။
နှုတ်ခမ်းဖူးလေးကို အသာဖိကပ်ကာ အကြင်နာအနမ်းတွေခြွေရင်း လှပတဲ့ညနေခင်းကို ပိုမိုလှပအသက်ဝင်စေလိုက်သည်။ လေသာဆောင်မှာတော့ လူရိပ်လေးပင်မရှိတော့။ ထိုအစား တစ်ခါတလေရှက်လို့သွားတဲ့ ပန်းဆီရောင်ညနေခင်းကောင်းကင်ကို လူးလွန့်သွားတဲ့လိုက်ကာနှင့် လေပြည်လေးကကန့်လန့်ကာခြားလိုက်စေသည်။
" ချစ်တယ်ဂုံးလေး "
ချွေးစလေးတွေသီနေသော နားသယ်စပ်လေးကိုနမ်းလိုက်ရင်း အရှက်သည်းစွာရင်ခွင်ထဲတိုးဝင်လာသော ဂုံးပေါက်တဖြစ် ကိုအာလာလေးကို ထွေးပွေ့ထားလိုက်လေသည်။
" ချစ်တယ်လွှား..... "
...........................................................
ဝင်သက်ထွက်သက် ပြီးပါပြီ.......။
...........................................................
လွန်ခဲ့လေသော ခုနစ်လခန့်မှ......
ဆေးရုံတစ်ခုရဲ့ဗီအိုင်ပီလူနာခန်းထဲတွင် လှဲလျောင်းလျက်ရှိနေသော မဆိုစလောက်ဒဏ်ရာသာရလိုက်တဲ့ မိန်းကလေးတစ်ယောက်ကို နဖူးထက်မှပတ်တီးရယ် ညာလက်ဆီမှမှန်ကွဲရှရာကြောင့်ပတ်ထားရတဲ့ပတ်တီးရယ်ကိုမေ့ကာ သတိမေ့နေဆဲမိန်းကလေးအား တစ်ညလုံးမအိပ်ဘဲစောင့်နေသောတစုံတစ်ယောက်။
မိုးလင်းခါနီးမှာတော့ မျက်လုံးလေးပွင့်လာတဲ့မိန်းကလေးက အဖြူရောင်မျက်နှာကျက်ကိုကြည့်ပြီး လက်တစ်ဖက်ဆီမှနွေးထွေးမှုကြောင့် ခေါင်းကိုတစ်ဖက်လှည့်လိုက်တဲ့အခိုက်။
" ဆူး..... ဆူးခက်ဟန် ! "
အော်လိုက်ခြင်းမဟုတ်သော်လည်း ဒေါသသံကမလျော့တာကြောင့် မှေးကနဲအိပ်ပျော်သွားမိတဲ့ ဆူးခက်ဟန်မှာ အလန့်တကြားဖြင့်နိုးလာရသည်။ မျက်စိရှေ့မှာ အမုန်းတရားမျက်ဝန်းနဲ့ စိုက်ကြည့်နေသောသူမကို ဂရုတစိုက်ဖြင့်မေးလိုက်သောတခဏမှာ မဖိတ်ခေါ်တဲ့အမုန်းတရားတို့ရောက်ရှိလာကြလေသည်။
" သတိရလာပြီလား ကောင်မလေး "
" ခဏနော် ဆရာဝန်သွားခေါ်ပေးမယ် "
" မလိုဘူး ! "
ဝုန်းကနဲဆိုသလို ဒဏ်ရာရနေသောသူကို ကုတင်ပေါ်ဆွဲချလိုက်ကာ ကိုယ်ကိုနံရံနဲ့ဖိရင်း ဒေါသတကြီးအော်ပစ်လိုက်တော့ မျက်ဝန်းသေနှင့်မော့ကြည့်လာလေသည်။
ထိုမျက်ဝန်း.....
ထိုမျက်ဝန်းတွေကပဲ လွန်ခဲ့သောနှစ်လမတိုင်ခင်ထိ သာကီကိုပိတ်လှောင်ထားခဲ့သည်။ ထိုမျက်ဝန်းအကြည့်တွေကပဲ ပန်းလေးလို့အသိမှားဝင်ခဲ့ရသလို ထိုမျက်ဝန်းအကြည့်တွေမှာပဲ ကိုယ့်ကိုကိုယ်ပိတ်လှောင်မိခဲ့လေသည်။
ပန်းလက်ရုံးဆိုတဲ့တစ်ယောက်နဲ့ စကားရပ်ပြောနေတာကို အိမ်အပြန်လမ်းမှာတွေ့ရတဲ့တခဏ သာကီစိတ်တွေပြိုလဲခဲ့ရသည်။ မကယ်သင့်သူရဲ့ သစ္စာဖောက်ခြင်းခံရတယ်လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။ ထိုခေါင်းစဉ်က သာကီအတွက်ပိုအဆင်ပြေပြီး စိတ်ကိုလှည့်စားလို့ကောင်းသည့်အရာလေ။
သွေးအေးအေးနဲ့သာလှည့်ထွက်ပြီး မမြင်ချင်ယောင်ဆောင်ခဲ့ရတဲ့ သာကီရဲ့စိတ်ထဲမှာ သူမကယ်ခဲ့မိတဲ့သူဟာ ဘာလို့လွှားရဲ့ရန်သူသမီးဖြစ်နေခဲ့ရတာလဲဆိုပြီး နာကျည်းမှုတွေကိုမြိုသိပ်ရင်း အိမ်ပြန်ရောက်လာတဲ့သူကို သွေးအေးအေးနဲ့နှင်ထုတ်နိုင်ခဲ့သည်။
ထို့အတူ ရန်သူသမီးသိနေတဲ့အိမ်ကနေထွက်လာပြီး နောက်ထပ်နေရာသစ်မှာအခြေချဖြစ်ခဲ့သည်မှာ နှစ်လတောင်ကျော်လွန်ခဲ့လေပြီ။ အခုချိန်ပြန်တွေ့ရတော့ သေခြင်းတရားကနေကယ်တင်လာသူက သာကီရှေ့မှာဒဏ်ရာဗရပွနှင့် အမုန်းဆုံးသူဖြစ်နေခဲ့သည်။
" မလိုလည်းလက်ခံပေးပါလား စိတ်ဖြောင့်ဖြောင့်ထွက်သွားချင်လို့ပါ "
ထိုချိန် ရင်ဘတ်ထဲဆစ်ကနဲဖြစ်သွားလားတော့ သာကီသတိမထားမိခဲ့။ ခံစားချက်ပျောက်ရှနေတဲ့သူလို မျက်ဝန်းသေကြီးနဲ့ပြောနေသောသူ့ကိုသာ ဒေါသထွက်နေမိခဲ့သည်။
" နင်ဂရုစိုက်စရာ မ လို ဘူး ဆူးခက်ဟန် ! "
" ဟန့်ဘက်ကလိုတယ် ကောင်မလေး "
" ကောင်မလေးဒဏ်ရာရနေတာကို မကြည့်ရက်လို့ "
ထိုစကားကြောင့် သွေးတွေစိမ့်ထွက်နေတဲ့ စတွေ့ကာစလိုပတ်တီးအဖွေးသားနဲ့သူ့ကိုကြည့်ပြီး အထိန်းအချုပ်မဲ့စွာပြောလိုက်မိတာက။
" ငါ့ဘက်ကတော့ နင်နာကျင်နေတာကိုကျေနပ်တယ် ဆူးခက်ဟန်..... ဘာလို့လဲ သိလား "
" ငါ့ဝင်သက်ထွက်သက်တိုင်းမှာမုန်းမိနေလို့ "
.........................................................
YOU ARE READING
ဝင်သက်ထွက်သက် ( Z + U ) ©
Romanceငါရဲ့ဝင်သက်ထွက်သက်တိုင်းက မင်းရှိမှပြည့်စုံလိမ့်မယ် ရဂုံ.....