" လွှား "
ချစ်စရာကောင်းသောခေါ်သံလေးကြောင့် ထမင်းစားပွဲမှာထိုင်နေရင်းမှ အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ရဲ့အဖြူရောင်ရင်ခုန်သံလေးက သူရွေးပေးထားသောအင်္ကျီပွပွနှင့်ရယ်ပြနေသည်။
အောက်ကဘောင်းဘီရှည်ကလည်း ပွလွန်းနေသေးသလို ခြေထောက်အောက်မှာအစတွေစုပုံကျနေတာက တကယ်ကိုကလေးပိစိအတိုင်း။ သူဝယ်ထားတဲ့ဆိုဒ်တွေထဲမှာ သူမကိုပေးထားတာအသေးဆုံးဆိုဒ်ဆိုသော်လည်း ဒီကောင်မလေးကတအားကိုပိန်လွန်းနေသည်။
" လွှားရဲ့ဂုံးလေးက တကယ်ကိုဂုံးပိစိလေးပဲ "
" လာ ထမင်းစားကြရအောင် ဟင်းကတော့ ကြက်ဥလိပ်ကြော်ပဲရှိတယ် "
ထိုသို့ပြောလည်းပြော ဂုံးလေးရဲ့ခါးကိုကိုင်ကာ ထိုင်ခုံတစ်ခုမှာထိုင်စေလိုက်သည်။ ထမင်းပန်းကန်ထဲကို ကြက်ဥလိပ်လေးထည့်ပေးတော့ ခေါင်းကိုငုံ့ကာစားနေသောဂုံးလေးကိုကြည့်ပြီး ထမင်းစားဖို့ကိုလွှားမေ့နေမိသည်။ ကိုယ့်ချစ်သူကိုမနက်စာခေါ်ကျွေးတော့မှ ဟင်းမမည်တဲ့ဟင်းတစ်ခွက်နဲ့ ထမင်းစားစေမိတာ လွှားစိတ်မကောင်းပေ။
" ဖြည်းဖြည်းစားလေဂုံးလေး နင်နေတော့မှာပဲ "
ရေတစ်ခွက်ကို ရေသန့်စက်ကနေထငှဲ့လာလိုက်ပြီး ဂုံးလေးရှေ့ကိုချပေးတော့ ပါးလေးဖောင်းအောင်ထမင်းတွေသွတ်ထားရင်းမှ မျက်ဝန်းလေးတွေမှေးအောင်ပြုံးပြလို့။ ပြီးတော့ ရေခွက်လေးကိုဆွဲယူပြီး ဖြည်းဖြည်းချင်းမော့သောက်ကာ ထမင်းဆက်စားနေပြန်သည်။
" လွှားကရဂုံအကြိုက်ကိုဘယ်လိုသိတာလဲဟင် ဝေဝေကိုမပြောပြထားဘူးလေ "
လွှားကရဂုံအကြိုက်တွေကို ဝေဝေဆီကမေးမေးနေတတ်တာသိသည်။ ဒါပေမဲ့လည်း ရဂုံကြက်ဥကြော်ကြိုက်တာတော့ ဝေဝေမပြောနဲ့ အိမ်ကမေမေတောင်မသိထားဘူးလေ။ ရဂုံကကြက်ဥကိုပုံမှန်မျိုးစုံချက်တာကြော်တာကို စားရတာကြိုက်ပေမဲ့ ဒီလိုကြော်ကျွေးတာကိုစားရတာ ပထမဆုံးနှင့်အကြိုက်ဆုံးပင်။
" ဂုံးလေးက ကြက်ဥကြော်ကြိုက်တာလား "
" ဟုတ်တယ်..... အိမ်မှာက ဖေဖေမှမကြိုက်တော့ တော်ရုံမကြော်စားဖြစ်ဘူး ဟီး "
ရယ်သလိုလေးနှင့်မျက်နှာကိုအောက်ချကာပြောရင်း ထမင်းစားခြင်းကိုရပ်လိုက်သည်။ လွှားကတော့ ဂုံးလေးကိုကြည့်နေရလို့ ဗိုက်ဆာမှန်းလည်းသတိမထားမိတော့။ ဂုံးလေးကတော့ ရေခွက်ကိုယူကာ ခွက်ထဲကလက်ကျန်ရေလေးကို မော့သောက်နေလေသည်။
" လွှားရော ဘာအကြိုက်ဆုံးလဲဟင် "
သူမရဲ့အပြုအမူလှုပ်ရှားမှုလေးတွေကို တစ်ခုချင်းသေချာထိုင်ကြည့်နေတဲ့လွှားရဲ့လက်က ကြင်နာယုယမှုအပြည့်ဖြင့် ဂုံးလေးရဲ့နှုတ်ခမ်းထောင့်မှကြက်ဥလိပ်ကြော်အစလေးကို လက်မလေးနှင့်ဖယ်သပ်ပေးလိုက်သည်။
လွှားရဲ့နီးကပ်လာသောမျက်နှာနှင့် လှုပ်ရှားသွားတဲ့လက်တစ်ဖက်ကြောင့် ဂုံးလေးမှာမျက်လုံးလေးဝိုင်းစက်သွားရှာသည်။ ထိုမျက်ဝန်းလေးကိုပဲ သဘောကျနှစ်ခြိုက်နေရတာလည်း လွှားရဲ့ရူးသွပ်မှုတစ်ခုပင်။ ထိုသို့ရူးသွပ်မှုတွေထဲမှ နောက်ထပ်ရူးသွပ်သွားတာတစ်ခုကတော့ လက်မနဲ့ဖယ်ထားလိုက်တဲ့ သူမနှုတ်ခမ်းထောင့်မှကြက်ဥကြော်အစလေးကို မရွံမရှာစားလိုက်ခြင်းဖြစ်သည်။
" ဂုံးလေးကို..... လွှားအကြိုက်ဆုံးပဲ "
သူ့အပြောနှင့်အပြုအမူကြောင့် တောင့်တောင့်လေးဖြစ်သွားရှာတဲ့ဂုံးလေးရဲ့ လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်ကာ အနမ်းတစ်ပွင့်ကိုလက်ဖမိုးထက်ခြွေချလိုက်ပြန်သည်။
" လွှား..... လွှားမရွံဘူးလား ရဂုံစားထားတာကြီးကို "
ခပ်တိုးတိုးလေးမေးလာသော သူ့ဂုံးလေးရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်နဲ့လည်တိုင်ကိုဆွဲယူပြီး နှုတ်ခမ်းလေးကိုဖိကပ်နမ်းပြီး ပြန်ပြောလိုက်သောစကားတစ်ခွန်း။
" ချစ်တတ်လာရင် ရွံစရာလို့မတွေးမိတော့ဘူး ဂုံးလေး "
အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ လွှားရဲ့စကားတွေကအမှန်တကယ်ကို ရဂုံကိုချစ်နေတာမှန်း မျက်ဝန်းတွေကတဆင့်မြင်နေရသည်။ သို့သော် ထိုအချစ်တွေကကြာရှည်ခိုင်မြဲလာလေ ရဂုံစိတ်ထဲမှာရှိနေတဲ့စိုးရိမ်မှုလေးကလည်း ပိုတိုးလို့လာတာတော့ လွှားတစ်ယောက်မသိသေးပေ။
တစ်ချိန်မှာခွဲရမယ်ဆိုလျှင်တောင် အခွင့်ရခိုက်မှာရဂုံပျော်ခွင့်ရချင်ပါသည်။ ထိုအတွေးကိုအတ္တဆန်တယ်ပြောရင် လွှားကိုချစ်မိတဲ့စိတ်ကြောင့် ရဂုံအတ္တဆန်သွားပြီလို့ဝန်ခံလိုက်မည်။ ရဂုံဘဝမှာတစ်ခါလောက်လေးပဲ အချစ်အတွက်အတ္တကြီးပါရစေလား။ မဆုံနိုင်လို့ဝေးခဲ့ကြရင်တောင် အမှတ်ရစရာလေးတွေကိုတွေးပြီး လွှားကိုသတိရရင်းနေသွားချင်ရုံလေးမို့ပါ။
" ချစ်တယ် လွှားကိုရဂုံအရမ်းချစ်တယ် "
ကံတရားရဲ့လှည့်ကွက်ကြားမှာ
ရဂုံတို့ဆုံဆည်းခွင့်ရှိခဲ့မယ်ဆိုရင်
လွှားနဲ့အတူသက်ဆုံးတိုင်နေသွားပါမယ်
အကယ်၍ ကံကြမ္မာကရက်စက်ခဲ့ရင်တော့
နောက်ဆုံးအချိန်ထိ လွှားကိုရင်မှာသိမ်းရင်း
နောက်ဆုံးဝင်သက်ထွက်သက်ထိ
တကိုယ်တည်းနေသွားလိုက်မှာပါ.....
.....................................................
ကြွေပန်းကန်လုံးလေးထဲမှ အငွေ့တွေတထောင်းထောင်းထနေသော ကြက်သားဆန်ပြုတ်နှင့် ဗန်းလေးထဲမှာထည့်လာသော ငါးအသားကင်ပန်းကန်လေးကို အိပ်ရာဘေးကစားပွဲပေါ်တင်ထားခဲ့သည့် သူ့အသက်ကိုကယ်ပေးခဲ့သောသူမ။
ဆရာဝန်တစ်ယောက်လာစမ်းသပ်ပြီးသွားကတည်းက အခန်းထဲကိုသူမပြန်ဝင်မလာတော့ဘဲ စားစရာဗန်းလေးသာချသွားပေးခဲ့ပြီး သောက်ရမယ့်ဆေးကိုပန်းကန်အသေးထဲထည့်ပေးသွားခဲ့သည်။ အိပ်မက်ထဲကမိန်းကလေးနဲ့ အသံတူသယောင်ရှိသောသူမကို နောက်တစ်ကြိမ်မျက်နှာမြင်ခွင့်ရချင်မိသေးသည်။
" အခုထိဘာမှမစားထားဘဲဘာလုပ်နေတာလဲ..... "
သူမြင်တွေ့ချင်နေသောမျက်နှာလေးကိုမြင်လိုက်ရတဲ့အခိုက် တလောကလုံးပန်းတွေပွင့်သွားသလိုပင်။ အေးစက်စက်အသံနှင့်အခန်းထဲဝင်လာပြီး ခပ်တည်တည်ကြည့်ကာပြောနေသော်လည်း သူ့ရင်ဘတ်ထဲကနှလုံးသားလေးကအခုန်မရပ်ခဲ့ပေ။ သို့ပေမဲ့ သူကိုယ်တိုင်တောင်သတိမထားမိဘဲ ပုံမှန်ထက်ခုန်နေသောဝဲဘက်ရင်အုံက သူမရဲ့မျက်ဝန်းကိုအကြည့်မှာတော့ အကြောင်းအရင်းမသိဘဲနာကျင်သွားရလေသည်။
YOU ARE READING
ဝင်သက်ထွက်သက် ( Z + U ) ©
Romanceငါရဲ့ဝင်သက်ထွက်သက်တိုင်းက မင်းရှိမှပြည့်စုံလိမ့်မယ် ရဂုံ.....