" လာခဲ့လေ ပန်းလေး ဘာထိုင်လုပ်နေတာလဲ "
သူထိုင်နေရာကိုပြေးလာကာဆွဲထူနေလေတဲ့ ပန်းဆီရောင်နှုတ်ခမ်းနှင့်မျက်နှာတဝက်သာမြင်ရသော ဝိုးတိုးဝါးတားကောင်မလေးတစ်ယောက်ပုံရိပ်။ ပြီးတော့ မြင်လေရာမှာလည်း အဖြူရောင်အစိမ်းရောင်အပြာရောင်သာရှိနေသည်။ နူးညံ့သောလက်ကလေးရဲ့ဆွဲခေါ်ရာကိုလိုက်သွားမိသည့် သူ့ရဲ့မျက်နှာမှာအပြုံးတို့ထပ်ဟပ်နေလေရဲ့။
တဖြည်းဖြည်းခေါ်လာခဲ့သောနေရာကိုလည်ပြန်ကြည့်တော့ ထိုနေရာမှာနတ္ထိဗလာမြင်ကွင်းသာကျန်ခဲ့လေပြီး သူ့ရှေ့တည့်တည့်၌လည်းအဖြူရောင်လွင်ပြင်ကျယ်ကြီးက ထွေးပွေ့ခေါ်နေသည့်အလား။
ငါဘယ်ရောက်သွားတာလဲ
ငါကဘယ်သူလဲ ငါ့ရဲနာမည်ကရောဘယ်လိုခေါ်တာလဲ
စောစောကငါ့လက်ကိုဆုပ်ကိုင်ခဲ့တဲ့ကောင်မလေးရော ဘယ်ဆီပျောက်သွားခဲ့တာလဲ.....
ဒီလိုနဲ့ဖြည်းဖြည်းချင်းသူ့လက်တွေလှုပ်ရှားလို့လာကာ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်မိတော့ စူးရှရှခံစားချက်ကြီးက ကျင့်သားမဖြစ်နေတဲ့မျက်လုံးအစုံကို အလင်းရောင်နဲ့ထိတွေ့မိတဲ့အခါမှာ နေရတာအဆင်မပြေဖြစ်စေသည်။ ခေါင်းကနေဆစ်ကနဲထိုးထိုးကိုက်လာသော မသက်မသာခံစားချက်ကလည်း ဆိုးရွားလွန်းလှသည်။
လှုပ်လို့မရတဲ့လက်ကြောင့် ခေါင်းနည်းနည်ပင့်ကာကြည့်တော့ မူးနောက်နောက်နဲ့နာကျင်နေသည်က အတော်ခံရခက်လွန်းသည်။ သို့သော် ဘာကြောင့်ရယ်မသိဘဲ သူ့နှုတ်ခမ်းထောင့်မှာပြုံးမိသွားသည်။
လက်တစ်ဖက်ကိုထောက်ကာအိပ်နေသောသူမလေး၏ နောက်လက်တစ်ဖက်က သူ့ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသောကြောင့် အိပ်ရတာသက်တောင့်သက်သာမဖြစ်နေသောသူမပုံစံလေးက ခေါင်းကနာကျင်မှုကိုဂရုမစိုက်မိစေအောင်စွမ်းလေသည်။
အိပ်နေသောသူမပုံလေးက တကယ်ကိုလက်ရာမြောက်တဲ့ကျောက်စိမ်းရုပ်လေးအလား။ နှာတံစင်းစင်းလေးရယ် သွေးကြောလေးတွေယှက်နေတဲ့ပါးလေးနှင့် Vလိုင်းကျကျမျက်နှာကျလေးက တကယ်ကိုသက်ရှိပန်းချီကားလေးတစ်ချပ်ပင်။ လက်ထောက်ကာအိပ်နေသောကြောင့် သူမလက်လေးနှင့်ကွယ်သလိုဖြစ်နေသော ပန်းဆီရောင်နှုတ်ခမ်းလေး။
ထိုအချိန်ခေါင်းထဲစူးကနဲထိုးကိုက်လာသောကြောင့် နှုတ်ခမ်းလေးဆီမှအကြည့်လွှဲလိုက်ရသည်။ မှတ်မိသလိုလိုနှင့် ရင်းနှီးနေသောဒီနှုတ်ခမ်းလေးက ကြိုးစားတွေးလေ ဘာမှကိုတွေးမရအောင်ဖြစ်လေပေ။
" အားးး~~~ "
နားထင်နှစ်ဖက်ကိုလက်ဖနောင့်နှင့်ဖိကာ ခေါင်းထဲမှကိုက်ခဲနေခြင်းကြောင့် သည်းမခံနိုင်အောင်အော်မိလေသည်။
" ရှင်သတိရလာပြီလား ဘာဖြစ်လို့လဲ ? "
" ပန်းလေး..... ပန်းလေး "
VOUS LISEZ
ဝင်သက်ထွက်သက် ( Z + U ) ©
Roman d'amourငါရဲ့ဝင်သက်ထွက်သက်တိုင်းက မင်းရှိမှပြည့်စုံလိမ့်မယ် ရဂုံ.....