(၁)
ကျွန်တော်နှင့် ငြိမ်း၏ ဇာတ်လမ်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နောက်ဆုံးအဖြစ် အဆုံးသတ်ပြီဟု ထင်ထား ခဲ့သော်လည်း တကယ်တမ်းတွင်တော့ ဇာတ်လမ်းအစသာရှိပါသေးသည်။ ထို ဇာတ်လမ်းအစကို ပျိုးရန်အတွက် ကျွန် တော် ဂျာကာတာကိုသွားရသည်မှန်း ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ပါ။ သေချာတာသည့်အချက်ကတော့ ကျွန်တော်ငိုနေခဲ့သည်။ ကျွန်တော့်မျက်ဝန်းထဲတွင် မျက်ရည် များပြည့်လျှံနေပါလိမ့်မည်။ ပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။ လေဆိပ်ရှိထိုင်ခုံများတွင် လူအပြည့်တန်းစီနေသယောင်၊ မည်သူမျှမရှိဘဲ ကျွန်တော် တစ်ယောက်သာရှိနေသယောင် စိတ်ထင်ယောင်ထင်မှား၍သာရှိတော့သည်။
"ငါလုပ်ချင်တာလုပ်ခဲ့ပြီးပြီပဲ၊ ဘာလို့ငိုနေရတာလဲ"
တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။ ကျွန်တော့်ဘဝတွင် တစ်ယောက်တည်းစကားပြောမိသည်မှာ ယခုအကြိမ်မှမဟုတ်။ ဘဝတစ်လျှောက်လုံး။ ဘဝတစ်လျှောက်လုံးပဲဆိုပါစို့။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ထဲတွင် ကျွန်တော်ရောက်နေပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကိုလည်း ဖြတ်ပြီးပြီ။ လေယာဉ်ထွက်မည့်အချိန်ကို စောင့်နေသည့် ထိုင်ခုံတန်းများထဲမှ တစ်နေရာတွင် ကျွန်တော်ထိုင်နေမိပါသည်။ လေ ယာဉ်ထွက်ချိန်တစ်နာရီလောက်လိုသေးသည်မို့ လူအများအပြားမရှိသ လောက်နည်းနေသေးသည်။ လေယာဉ် ချိန်က ၁၂ နာရီ ၁၅ မိနစ်။ မလေးရှားနိုင်ငံကွမ်လာ လမ်ပူမြို့ကိုအရင်သွားပြီး ထိုမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာကိုထပ်ပြောင်း စီးရမှာ ပင်။
"ဘာလို့အဲဒီအချိန်ကိုတမင်ရွေးခဲ့တာလဲ" ဟု တစ်ယောက်ယောက်ကမေးမည်ဆိုပါက အကြောင်းတစ်ခု ခုရှိကြောင်း ကျွန်တော် သေသေချာချာရှင်းပြမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ငြိမ်း မင်္ဂလာ ဆောင်က နေ့လည် ၁၁ နာရီလေ။ ထိုမင်္ဂလာအချိန်နှင့် မတိမ်းမယိမ်းအချိန်ကိုတမင်ရွေးခဲ့ခြင်းဖြစ်လေ သည်။ သတင်းတစ်ခုကိုကြားချင်၍ တမင်ရွေးချယ်ခဲ့ခြင်းပင်။ ကျွန်တော် တစ်ချက်မဲ့လိုက်မိသည်။ ယခုအချိန်လောက်ဆိုဖြစ်နေမည့် အကြောင်းတရားများကို တွေးပြီးရင်း တွေးရင်း မဲ့နေမိသည်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။