(၁၂)
ဆောင်တော်ကူးဆိုင်၏ခြောက်လပြည့်အထိမ်းအမှတ်လည်းဖြစ်၊ သူတို့ရည်မှန်းထားသောအမြတ်အစွန်း ထက်ကျော်လွန်သည့် အထိမ်းအမှတ်လည်းဖြစ် မို့ ခရီးတိုလေးတစ်ခုကို သူတို့အဖွဲ့နှင့် အတူတူထွက် ခွင့်ရခဲ့ လေသည်။ အဲဒီခရီးစဉ်သည် ငြိမ်းနှင့်ကျွန်တော်၏ တရားဝင်ချစ်သူအဖြစ်သွားခွင့်ရသော ခရီးလည်းဖြစ်လေ တော့ ဝမ်းသာလို့မဆုံးနိုင်အောင်ပင်။ ငြိမ်းကတော့ အရမ်းကြီးရွှင်လန်းတက်ကြွမနေ ပြပေမယ့် ကျွန်တော်ကတော့ ကျေနပ်လှ၏။
"ဆောင်နိုင်ကြီးရေတံခွန်ကိုတော့ တစ်ခါမှမရောက်ဖူးဘူး၊ အခုနောက်ပိုင်းတော်တော်များများသွား ကြတယ်၊ အမှိုက်တွေပစ်စက်လက်ခတ်မပစ်ချပါစေနဲ့လို့ဆုတောင်းရမှာပဲ"
ငြိမ်း၏သူငယ်ချင်းများ ကပထမဆုံးအကြိမ်သွားခြင်းမို့ ရေတံခွန်အကြောင်းဟိုဟိုဒီဒီပြောနေလေသည်။ ကျွန်တော်တို့သွားမယ့်ခရီးက ကျိုက်ထီးရိုးဘုရားဖူးပြီးဆောင်နိုင်ကြီးရေတံခွန်ကိုရေသွားကစားကြမှာ မို့ ဘုရားဖူးလည်းဖြစ်အပန်းဖြေလည်းဖြစ်၊ ခရီးတိုလည်းဖြစ်လေသည်။ ကျွန်တော်ကတော့ အရင် တုန်းက ဆောင်နိုင်ကြီးကိုခဏခဏရောက်ဖြစ်ပါသည်။
"ငြိမ်း ကျွန်တော့်ကိုချစ်လား"
ခဏခဏမေးဖြစ်သည်။ မေးတိုင်းလည်း ငြိမ်းကခေါင်းညိတ်ပြလေ့ရှိသည်။ ဖုန်းထဲမှာဆိုရင်တော့ မေးနေစရာလိုသေးလား ဇော်ထင်ရယ်တဲ့။ ငြိမ်း၏အဖြေတွေကိုကျွန်တော်သဘောမကျမိ။ စိတ်ကျေ နပ်လောက်အောင်မဖြေတတ်သောကောင်မလေးလို့သာ စိတ်ထဲအောက်မေ့လိုက်တော့သည်။ တကယ် ဆို ရုပ်ရှင်ထဲကလို စကားလုံးအရှည်ကြီးနှင့် ငြိမ်းကဇော်ထင့်ကိုချစ်ပါသတဲ့ရှင်၊ မိုးလောက်ကြီးချစ်တယ် ဘာညာဆိုတာမျိုးကြားချင်တာပေါ့။ ရုပ်ရှင်တွေမှာကျပြောပြီး အပြင်မှာဘာလို့အဲဒီလိုမပြောကြတာလဲ စဉ်းစား၍မရ။
"ဇော်ထင် ခရီးတွေထွက်ဖြစ်လား"
"ဒီနှစ်ပိုင်းတော့ သိပ်မထွက်ဖြစ်ဘူး"
ကျွန်တော်လှည်းတန်းနှင့်အသားကျနေတာကြာခဲ့ပြီလေ။ မြို့ထဲကိုတောင်တော်ရုံမရောက်ဖြစ်။ ကျွန် တော့်အလုပ်က ရုံးထိုင်အလုပ်မို့ရုံးလာရင်း ငြိမ်းတို့ဆီကိုသွားရင်းသာအချိန်ကုန်ခဲ့သည်။ ကာစတန်မာ တွေလာအပ်သည့်အလုပ်များထဲက ကျွန်တော့်ကိုယ်တာဖြစ်သော ကြော်ငြာဇာတ်ညွှန်းရေးတာ၊ အွန်လိုင်း ဆောင်းပါးရေးတာ၊ အွန်လိုင်းတင်ဖို့ကြော်ငြာအတိုအထွာလေးတွေကို လူစိတ်ဝင်စားအောင် ရေးတာ မျိုးနှင့်သာအချိန်ကုန်ခဲ့တာပင်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။