(၄)
ဂျာကာတာ၏ ည သည်တောက်ပလို့နေလေသည်။ ကျွန်တော်ရုံးကပြန်တော့ အပြင်ဖက်ဆီတွင် မှောင် ရိပ်နည်းနည်းသမ်းသော အနေအထားဖြစ်နေပြီ။ မီးရောင်စုံစထွန်းသည့်အချိန်ပေါ့။ တိုက်တာအဆောက် အဦများဆီ၌ မီးများထိန်ထိန်လင်းစပြုသည်။ အများစုကအဖြူရောင်ဆိုပေမယ့် အစိမ်းရောင်၊ အနီ ရောင်များလည်း ကျိုးတို့ကျဲတဲမြင်ရသည်။ ကားလမ်းပေါ်တွင်တော့ ညီညာချောမွေ့လွန်းလှပါသည်။ ကားကြပ်သည့်အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဂျာကာတာလည်းထိပ်ဆုံးကပါသည်။
သို့သော်လည်း လောလောဆယ်တွင်တော့ ကားကြပ်နေသည်ကိုမတွေ့ရ။ အနက်ရောင်ပတ်ဝန်းကျင်၊ အနက်ရောင်ကောင်းကင်၊ အနက်ရောင်ကားလမ်းမကြီးများကြားထဲ နီယွန်မီးများ၊ တိုက်တာအဆောက် အဦများက အစီအရီ။ ကားမီးရောင်အနီတန်းများက လမ်းမပေါ်မှာဟောခနဲ ဟောခနဲမောင်းထွက်နေ၏။
ကားအချက်ပြဆိုင်းဘုတ်များက အင်ဒိုနီးရှားဘာသာစကားနှင့်ရေးထားသည်မို့ ကျွန်တော်ဖတ်၍ နားမ လည်ပါ။ LED ဆိုင်းဘုတ်ကြီးများက မီးရောင်ထိန်ထိန်လင်းလျှက်နေရာတကာတွင် လွှမ်းမိုး၍နေလေ တော့သည်။ တိုက်များ၏နံရံ၊ လမ်း မဘေး၊ တံတားဘေး စသည်ဖြင့် ဟိုမှာဒီမှာ အစုံအလင်ပင်။
အသေအချာ၊ အခိုင်အမာဆောက်ထားသည့် တံတားလမ်းရှည်ကြီးများက မြို့အနှံ့ကိုစိုးမိုးနေသည်။ အချို့ နေရာများတွင် နှစ်ထပ်၊ အချို့နေရာများတွင်တော့ တစ်ထပ်တည်း။ လမ်းမကျယ်များကြားထဲ အရိပ်ရ ပင်များလည်း အစီအရီစိုက်ထားလေသည်။ သဘောကျစရာမြင်ကွင်းတစ်ခုကတော့ ဓါတ်တိုင် တွေတစ်ခု နှင့်တစ်ခုကြား ကြိုးများရှုပ်ပွမနေဘဲ ရှင်းရှင်းလင်းလင်းရှိနေသည်ပင်။ ဓါတ်ကြိုးများကို မြေအောက် မှာပဲမြုပ်ထားသလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံနဲ့သွယ်ထားသလဲ မစဉ်းစားတတ်ပေမယ့် ရှင်းရှင်း လင်းလင်းရှိနေသည်ကိုတော့ သဘောကျလှသည်။
"ငါတို့ အတူတူလမ်းလျှောက်ပြန်မလား"
ဂျက်စီကာနှင့် အတူတူပြန်ဖို့ ကျွန်တော်မမျှော်လင့်ခဲ့ပါ။ သူဘယ်လိုပြန်သလဲဆိုတာကိုလည်း မတွေးခဲ့ ပါ။ သို့ပေသိ ရုံးဆင်းခါနီးတော့ အတူတူပြန်ဖို့ သူကဖိတ်ခေါ်ခဲ့သည်။
YOU ARE READING
မြူခိုးရယ်....ဝေ
Romanceပတ်ဝန်းကျင်ကို မျက်ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။