"သွားတော့ မင်းလွတ်အောင်ပြေးပါတော့ နန်းဒေဝီ ပြေး ပြေး "
အသံတစ်သံက ဘယ်ဆီဘယ်ဝယ်က ကြားနေရသည်မသိ၊ ဘယ်သူ့ကို ရည်ရွယ်ပြီးပြောနေမှန်းမသိသော်လည်း ဦးတည်ရာမဲ့ လျှောက်ပြေးနေမိဆဲ။ နောက်က မြင်းဆယ်စီးနှင့်မက လိုက်လာသောလူတွေ သူ့ဆီ ဦးတည်လာနေတာလား။ ဘာကြောင့်များ အနက်ရောင် ဝတ်စုံတွေဝတ်ထားသောလူတွေက ညအမှောင်မှာ ကြောက်မက်ဖွယ်ကောင်းအောင် သူ့ကို အနှောက်အယှက်ပေးနေတာလဲ။
"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး"
လျှပ်တစ်ပြက် ရှေ့မှ ဝင်လာသော မြင်းတစီး၊ အနီရောင် ဝတ်ရုံရှည်ခြုံထားပြီး မျက်နှာကတော့ သေချာမမြင်ရပါ။ ဝါးခမောက်တခြမ်း ကွယ်ထားသော ထိုလူရဲ့မျက်နှာကို သေချာကြည့်နေစဥ်မှာပဲ။ ထိုပုဂ္ဂိုလ်ရဲ့ ညာဖက်လက်မှ မြှောက်တက်လာသော ဓားက
လရောင်ကြောင့် လက်ခနဲ ဖြစ်သွားသည်။"အား ကယ်ကြပါဦး...."
အော်သံရဲ့ အဆုံး အသူတရာနက်လှသော ချောက်နက်ထဲသို့ ပြုတ်ကျသွားသည့် ခန္ဓာကိုယ်။ နောက်ဆုံးသိလိုက်တာက သူမကို ငုံ့ကြည့်နေသော သူရဲ့ လက်ထဲက သွေးစွန်းနေသော ကျောက်စီဓား၊ တိတိကျကျဆိုရပါမူ သူမ၏ လည်ချောင်းသွေးတို့ စွန်းကျံနေသော ကျောက်စီဓားနှင့် နဂါးလက်စွပ်။ ပြီးတော့ အသံတစ်သံ...
"သွားပေဦးတော့ သခင်မလေးဘုရား"
*************************
"အငယ် အငယ် ထတော့လေ အိမ်မက်မက်ပြန်ပြီလား "ငြီးငွေ့စရာ ကြားနေကျအသံတစ်သံနှင့်အတူ ပခုံးကို လာကိုင်လှုပ်သော လက်တဖက်ကြောင့် သူ့အိမ်ယာမှ နိုးလာသည်။ သစ်သား မျက်နှာကျပ် မှာ တွဲလောင်းဆွဲထားသည့် ဖန်မီးဆိုင်းရဲ့ အလင်းရောင်ကြောင့် မျက်လုံးတွေ ကျိန်းစပ်သွားသည်။ ခြေရင်းရောက်နေသော စောင်ကို ပြန်ဆွဲယူပြီး ခေါင်းမြီးခြုံကာ ပြန်လှဲလိုက်သည်။
"ဖြန်း "
"ဟဲ့ ထပါဆို အငယ်ရဲ့ "
"အား မမကြီး နာတယ်နော် ငါ့လာမရိုက်နဲ့ တိုင်မှာဗျ "
မမကြီးရဲ့ ရိုက်ချက်ကြောင့် နာသွားသော တင်ပါးကို ပွတ်ရင်း ငုတ်တုတ်ထထိုင်လိုက်သည်။ သူမအမုန်းဆုံးက ကိုယ်ထိလက်ရောက်မှုပင်။ သူစိမ်းမပြောနှင့် သွေးသားအရင်းတွေတောင် လက်ပါတာမျိုး လုံးဝမကြိုက်။ အဲ့တာကြောင့်လဲ ငယ်ငယ်ကတည်းက မိသားစုထဲမှာ အဆိုးဆုံးဟု နာမည်အတပ်ခံရတာပင်။
YOU ARE READING
ပဉ္စလက်မြို့တော်(Normal)
Historical Fiction🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...