တဖွဲဖွဲကျနေသော မိုးရေစက်တို့ကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည်။ ဒီလိုမျိုးမိုးရွာတာကို လွယ်လုံကိုရောက်တဲ့အချိန်ကစလို့ အခု ပထမဆုံးအကြိမ်ကြုံဖူးတာပါ။ ဟော်နန်းရဲ့ လသာဆောင်သည် အဝင်လှေကားကြီးရဲ့ ညာဖက်မှာရှိသည်။ လသာဆောင် ဝရံတာ ကအပြင်ထုတ်ထားသည်မို့ ဟော်နန်းအတွင်းအပြင်နှစ်ခုစလုံးမှ သွားလာနိုင်သည်။ပထမထပ်က အုတ်ခံဖြစ်ပြီး ဟော်နန်းရဲ့ ဒုတိယထပ်ကတော့ ကျွန်းသစ်များအသုံးပြုကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဝရံတာရှိ ကျွန်းတိုင်ပွတ်လုံးများကို နွယ်တက်ကာ ပေါက်နေသည့် ဆောင်တော်ကူးပန်း ဖြူဖြူလေးတွေမှာလည်း အဆုပ်လိုက်အခဲလိုက် မွှေးကြိုင်သင်းပျံ့နေသည်။
“ဒီပန်းတွေက အမြဲတမ်းပွင့်နေတာပဲနော် ”
အငယ်မေးတာကို ချက်ချင်းပြန်မဖြေတာ တော်ဘုရားရဲ့ ထုံးစံလားမသိ။ အခုလဲ ရှေ့က ကော်ဖီခွက်ကို ထပ်တလဲလဲမွှေနေပြန်တာ ဇွန်းသေးသေးလေးကိုတောင် သနားလှပြီ။ ပြီးမှ ဖြေးဖြေးချင်း ကော်ဖီခွက်ကို ယူကာ အရသာခံသောက်လိုက်သည်။
တငုံဆိုမှ တငုံလောက်ရယ်ပါ။“ကိုယ်ပိုင်တဲ့ လွယ်လုံမှာ သိပ်ထူးဆန်းတာတွေရှိတယ် မင်းသိချင်လား”
“ပြောပြချင်ရင်ပြောပြပေါ့ ”
တကယ်တော့ သိချင်တာမှ စိတ်တောင်မထိန်းနိုင်။ သို့သော် မာနကလေး တဆိတ်လောက်တော့ထားချင်သေးသည်။
“အဟက် သိချင်ရဲ့သားနဲ့”
“အို ဒါဆိုလဲပြောပြလေ
သူပဲဈေးကိုင်နေပြီးတော့ ”“ကောင်းပါပြီ ကိုယ်နားမလည်တဲ့စကားတွေနဲ့ မပြောပါနဲ့တော့
မင်းသိချင်တာပြောပြပါ့မယ်
နားထောင်....".အငွေ့မသေသေးသည့် ကော်ဖီကို နောက်တကြိမ် တငုံသောက်လိုက်ပြီးနောက် အောက်ခံကြွေပန်းကန်ပြားပေါ်သို့ မှောက်ထားလိုက်သည်။ အလိုက်သိသော အစေခံ မိန်းကလေးငယ်တယောက်က ငွေရေတကောင်းနှင့် ထွေးခံကို တရိုတသေ ယူလာပေးသည်။ အလိုအလျောက်အကျင့်ပါနေသည့်အတိုင်း အငယ်က ရေတကောင်းကို လှမ်းယူကာ သောက်ရေခွက်ထဲဖြည့်ပေး ပြီးမှ တော်ဘုရားကို ကမ်းပေးလိုက်သည်။ အငယ်စဉ်းစားမိတာက ဒါမျိုး...ဒီလိုအပြုအမူမျိုး...။
![](https://img.wattpad.com/cover/242684606-288-k364368.jpg)
VOCÊ ESTÁ LENDO
ပဉ္စလက်မြို့တော်(Normal)
Ficção Histórica🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...