နွေဦးရာသီရောက်ပြီမို့ တောတန်းတစ်လျှောက်မှ အပင်များသည် ကြွေလုဆဲဆဲ ရော်ရွက်ရောင်စုံများဖြင့် အလှဆင်ထားသည်။ သူမနင်းလျှောက်လာသော မြေပြင်ထက်မှ မြက်ရိုင်းတို့သည်ပင် ခြောက်သယောင်းနေပြီ။ တောင်ကုန်းထိပ်သို့ ရောက်သောအခါ တထီးတည်းသော အပင်အိုကြီးကတော့ တည်ရှိမြဲရှိနေသည်။ မည်းမှောင်နေသော သစ်ခေါက်တို့ခြုံလွှမ်းထားသည့် သစ်ပင်ကြီး၏ ပင်စည်သည် အိုမင်းနွမ်းလျမှုတို့ကို ဖော်ကျူးနေသည်။ အကယ်၍များပေါ့...ဒီနေရာကနေ သွားလိုသော နေရာတစ်ခုကိုများသွားရောက်နိုင်ပါက သူမ နှောင့်နှေးနေမည်မဟုတ်ပါ။
တောင်ကုန်းထိပ်မှ မြင်ရသော ပတ်ဝန်းကျင်တခွင်က မတူညီမှုတွေရောပြွမ်းနေသည်။အလယ်ရိုးမကိုကျောပေးထားသည့်ပျဥ်းမနားလွင်ပြင်၊ ဖွေးဖွေးဖြူနေသော အင်းရေပြင်တည်ရှိရာ ဖယ်ခုံမြို့နယ်၊ စိမ်းညို့ပြီး မဆုံးနိုင်သော တောင်တန်းကြီးရှိရာ လွယ်မွေ...ထိုအရပ်ဒေသ၏ အလယ်ဗဟိုတွင်တည်ရှိသော အိမ်မက်တောင်ကုန်းရှိရာ လွယ်လုံ သို့မဟုတ် ပင်လောင်း။ ဘယ်လိုအဓိပ္ပါယ်နှင့် ဘယ်လိုအမည်နာမကို မှည့်ခေါ်ပါစေ သူမအတွက်တော့ ဒီနေရာ...ဒီဒေသသည် ညှို့ငင်ဆွဲဆောင်တတ်သော ပဉ္စလက်မြို့တော် အဖြစ်သာရှိလိမ့်မည်။
အိမ်မက်တောင်ကုန်းကနေ ပြန်လာတော့ မြို့ထဲကို လျှောက်ဖြစ်ခဲ့သည်။ တစ်ချို့နေရာတွေကို မသွားဖြစ်အောင်ရှောင်နေပေမဲ့ မရပါ။ နွေမှာတောင် နှင်းမပျောက်သည့် ကမ္ဘောဇနယ်မြေမို့ အေးမြမှုကတော့ရှိနေဆဲ။ တခါတရံ တိုက်ခတ်သော နွေဦးရဲ့တောင်လေရူးများကြောင့်တော့ ဒီနေရာက အလှမပျက်ပါ။ ရောင်စုံခြယ်သစ်ပင်များက စုတ်ချတ်ဆန်းသော ပန်းချီအလား။
ဒီကိုရောက်တဲ့ရက်ပိုင်းအတွင်း နေရာအတော်များများကို သွားခဲ့ပြီးပြီ။ ဘာမှတော့ သိပ်မထူးခြား။ မှတ်ဉာဏ်ထဲမှာ ရှိနှင့်နေပြီးသော နေရာတွေမို့လားမသိ။ ပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်မှု နှင့် ဆူညံမှု၊ အဆောက်အအုံ အသစ်နှင့်အဟောင်း၊ ပြောင်းလဲလာသော လူအများ၏ ဝတ်စားဆင်ယင်မှု...မတူညီမှုတို့ကိုသာ ခံစားရသည်။

ESTÁS LEYENDO
ပဉ္စလက်မြို့တော်(Normal)
Ficción histórica🌲 ရှမ်းတောင်တန်းကိုအခြေပြုသော လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်🌲 ဝန်ခံချက်-ကျွန်မ (တတိုင်းမွှေး) ရေးသားသော" ပဥ္စလက်မြို့တော်" စိတ်ကူးယဥ်ဝတ္ထုတွင်ပါဝင်သော နေရာဒေသအမည်/ဇာတ်ဆောင်အမည်/ဇာတ်လမ်းပါအကြောင်းအရာများသည် ကျွန်မ၏ စိတ်ကူးယဥ်ဖန်တီးမှုများသပ်သပ်သာဖြစ်ပ...