ဒီနေ့ဆို ယမင်းသူဇာ ရောက်လာတာ တစ်ပတ်ပြည့်တဲ့နေ့။ဒီအတောအတွင်း အိမ်ကို ဆူဆူညံညံသူငယ်ချင်း တစ်ယောက် ရောက်လာတာကြောင့် စံအိမ်လည်း ပို၍ပင် စည်စည်ကားကားဖြစ်လာသည်။
ထို့ပြင် အရင်နဲ့မတူ...ပျော်စရာကောင်းလှတဲ့ စံအိမ်ကြီးထဲမှာ မိသားစုရဲ့အငွေ့အသက်များကိုပါ သော်တာ ခံစားမိသည်။နွေးထွေးမှု အပြည့်အဝပေးနေသော မိသားစုဝင်များ... သော်တာ အရင်က ပိုင်ဆိုင်ခဲ့ရဖူးသော ဘဝနဲ့ ခြားနားလှစွာ။
ဖေဖေနဲ့မေမေဆီက ဒီလိုမေတ္တာမျိုး မျှော်လင့်ခဲ့ဘူးသော်လည်း မရခဲ့ဖူးတဲ့ သော်တာ့ဘဝအတွက် အခုလို မိသားစု ဝင်များ၏ နွေးထွေးမှုများက အရည်ပင် ပျော်စေလောက်သည်။
သော်တာ့ကို ဒီလိုကြင်နာမှုတွေ ရစေခဲ့သည်က ကိုကို့ကြောင့်ပင်။
ကိုကို့ကို ကျွန်တော် ချစ်သည်။
ကိုကို့အပေါ် သော်တာ မမျှော်လင့်နိုင်ဘူးဆိုပေမယ့် ကိုကို့နားမှာ နေပြီး ကိုကိုလုပ်သမျှ အရာတိုင်းကို ခိုးကြည့်နေရရုံနဲ့တင် သော်တာ့အတွက် ပြည့်စုံသည်။သို့ပေမယ့် အခုရက်ပိုင်း အခြေအနေကတော့ ထူးဆန်းလှသည်။
အကြောင်းမှာ သော်တာက ကိုကို့ကို ခိုးကြည့်နေရခြင်း မဟုတ်ပဲ ကိုကိုက သော်တာ့ကို ခိုးကြည့်နေခြင်းပင်။
ယမင်းသူဇာ အိမ်စရောက်လာသည့် ရက်က စ၍ သော်တာ ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ လုပ်လုပ်...မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ ကိုကိုရှိနေခြင်း။
သော်တာ ဘယ်အချိန် ကြည့်လိုက် ကြည့်လိုက် ကိုကိုက သော်တာ့ကို ကြည့်နေခြင်း...ယုတ်စွအဆုံး ညသန်းခေါင် အိမ်သာ ထတက်ရင်တောင် အိမ်သာတံခါးဘေးနား ရပ်နေသူက ကိုကို။
ခိုးကြည့်နေခြင်းဟု ပြော၍ ရသည်လားတော့ မသိ။သော်တာ ကြည့်လိုက်တာနဲ့ ကိုကိုအမြဲအကြည့်လွှဲသွားသည်ပင်။
ဘာကြောင့်မှန်းရယ်တော့ မသိ။ကိုယ့်ကိုကိုယ် အပြစ်ရှိသလိုပင် ခံစားနေမိသည်။
တစ်ချိန်လုံး အကြည့်ခံနေသည့်အတွက် အနေရခက်သည်မှာတော့ အမှန်...သို့သော်လည်း သော်တာ ပျော်ရွှင်မိသည်က ကြည့်နေသူက ကိုကိုဖြစ်နေသောကြောင့်...အခုလည်း သော်တာ မနက်စာ အစောကြီး ထပြင်တာတောင် ထမင်းစား စားပွဲတွင် ထိုင်ကာ သတင်းစာ လာဖတ်နေသော ကိုကို။
သတင်းအခြေအနေကို စိတ်ဝင်စားလွန်း၍လားတော့ မသိ...သတင်းစာကို ဇောက်ထိုးကြီး ကိုင်ကာ ဖတ်နေသည်မှာတော့ ဆန်းကြယ်လှသည်။
သော်တာ ရယ်ချင်မိသော်လည်း အောင့်အီး၍သာ မမြင်ချင်ယောင် ဆောင်ထားလိုက်တော့သည်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...