အပိုင်း (၂၆)

6.7K 950 89
                                    


(Unicode)

ချစ်တဲ့မျက်စိဖြင့်ကြည့်လျှင် သွားခေါသည့်သူကိုတောင် အဝေးကနေဆို ပြုံးပြနေသလိုပဲဟုဆွဲတွေးတတ်သည့်အတိုင်း လူ့စိတ်ဆိုတာခက်သားလား။ သံသယစိတ်နှင့်ကြည့်မိမှ ဖြစ်ခဲ့သမျှတို့တွင် ဒီအတိုင်းကျော်သွားလို့မရသည်တို့ကိုတွေ့လာရသည်က တစ်ခုနှစ်ခုမက။

ဆားငံသီးဖျော်ရည်ကိုပိုက်နှင့်မွှေရင်းတွေးလိုက်တော့ အရင်ဆုံးပေါ်လာသည်က.....

ကြီးစိုးသူစကားတစ်ခွန်းဆိုတစ်ခွန်းနာခံတတ်သောနှောင်း.....။

အစကငယ်ကြောက်မို့ဟုထင်ခဲ့သော်လည်း မနေ့ကတင့်တယ်၏စကားအသုံးအနှုန်းတွင် ပန်းရောင်ခြယ်သွားသောမျက်နှာလေးကြောင့် ဒွိဟဖြစ်စရာအချက်လေးတွေတွေ့လာရသည်။

ပြီးတော့ ကြီးစိုးသူ.....။

နှောင်းနှင့်ပတ်သက်လျှင် နိုင်စားလွန်းသည်ဟုထင်သော်လည်း ကြာလာလေမဉ္ဇူသကနတ်ပန်းစောင့်သည့်နတ်ဘီလူးကိုမြင်ယောင်လေဖြစ်လာရသည်။ သိသလောက် ပွေရှုပ်ခေတ်ဆန်သောကြီးစိုးသူက နှောင်းနှင့်ပတ်သက်လျှင် အစကဆို သူ့ကိုတောင်ဘုကြည့်ကြည့်ခဲ့ဖူးသူ။

ဘာပဲဖြစ်ဖြစ် မနေ့က တက်ထွဋ်လူကတိုင်ပင်စရာရှိသည်ဆို၍ တင့်တယ်နှောင်းကိုသွားတွေ့တာတောင်အတူလိုက်မလာသည့် သူငယ်ချင်းချစ်သူမင်းသူရနှင့်ယှဉ်လျှင် ကြီးစိုးနှောင်းအပေါ်ဆက်ဆံသည့်ပုံက...အင်း.....

"ငါတော့အနံ့ရနေတယ်"

"ဟင်...ငါရေချိုးလာပါတယ်ဟ…။ ခေါင်းတောင်လျှော်လာခဲ့တာ"

သူ့ကိုယ်သူနှာခေါင်းတရှုံ့ရှုံ့လုပ်ရင်းပြောလာသော မင်းသူရကြောင့်တင့်တယ်တွေးလက်စကိုရပ်တန့်လိုက်ရသည်။

"ကိုယ့်ဘာသာစားစရာရှိစားစမ်းပါဟယ်"

ပြောတာမှနောက်ကျနေသေးသည်။ Grilled Garlic Sandwich ကိုကိုက်တောင်မကိုက်ဘဲ တစ်ခုလုံးကိုပါးစပ်ထဲသွင်းလိုက်တာများ။

စာမေးပွဲပြီးလို့ လူလိုသူလို Date လုပ်ကြည့်ပါတယ်။ သူ့မုန့်စားဖို့ခေါ်တယ်များထင်နေလားမသိဘူး။ မှာထားတာတွေရောက်ကတည်းက ခေါင်းမဖော်တမ်းစားလိုက်တာဆိုတာ။ အဲ့ဒါကြောင့်လူကြီးတွေက သူငယ်ချင်းအချင်းချင်း ခံစားချက်တွေမပိုစေနဲ့။ ပိုမိရင်လည်း ဘယ်တော့မှရည်းစားတွေလိုမနေကြရဘူး ပြောခဲ့ကြဟန်တူသည်။

သူ့လူ (သူ႕လူ)Where stories live. Discover now