အဆုံး (သို့မဟုတ်) အစ

9.3K 846 149
                                    


(Unicode)

"ရွှေဂူကြီးဘုရားရှေ့ဆင်းမယ့်ခရီးသည်များ အသင့်ပြင်ထားပါ"

ကားစပယ်ယာကောင်လေး၏စကားအဆုံး တစ်ကားလုံးမီးများလင်းထိန်သွားခဲ့ရသည်။ ကြီးစိုး  ပြတင်းပေါက်ခန်းဆီးစကို ဖယ်ကြည့်လိုက်တော့ အပြင်တွင်မှောင်စပြုနေလေပြီ။ လျှပ်စစ်မီးမကူသောလမ်းမထက်တွင် လမင်းသည်လည်းမသိကျိုးကျွံပြုနေလေသည်။

ရေဘူးကိုလက်တစ်ဖက်တည်းနှင့်ဖွင့်ကာသောက်ရင်း လက်ပတ်နာရီကိုကြည့်မိတော့ ညနေ (၆) နာရီခွဲကျော်ကိုပြနေသည်။ ကားတုံ့ခနဲရပ်သွားသည်နှင့် တစ်လုံးတည်းသောကျောပိုးအိတ်ကိုလွယ်ကာဆင်းခဲ့လိုက်သည်။

ကားပေါ်ကဆင်းလိုက်သည်နှင့် လေပူနွေးနွေးကအလုံးအရင်းနှင့်အပြေးကြိုသည်။ ရန်ကုန်အောင်မင်္ဂလာကားကွင်းနှင့် မန္တလေးကျွဲဆည်ကန်ကလို အမဲဖျက်မည့်လူအုပ်ကြီးဆီးကြိုမနေသည်ကိုပင်ကျေးဇူးတင်ရမည်။ ဒါတောင် ဆိုင်ကယ်ကယ်ရီတစ်စီးစနှစ်စီးစက လာမေးနေကြသေးသည်။

လာမေးသမျှကိုခေါင်းခါပြရင်း ဟိုသည်ကြည့်မိတော့

"ကြီးစိုး"

ဒုတ်ဒုတ်~

*တိတ်စမ်း*

အမှောင်ထုထဲတွင် အနီရောင်တီရှပ်အင်္ကျီကို ပုဆိုးကွက်စိပ်နှင့်တွဲဖက်ဝတ်ဆင်ထားသူကို  ဘုရားမီးရောင်အကူဖြင့်လှမ်းမြင်လိုက်စဉ်တည်းက အိ‌‌န္ဒြေမရစွာခုန်ပေါက်ပါသော ဘယ်ဘက်ရင်အုံကအကောင်ပေါက်ကို ကြီးစိုးစိတ်ထဲမှကြိတ်၍ ကျိန်ဆဲမိသည်။ ထိုအကောင်ပေါက်အနည်ထိုင်ခါမှ ဆိုင်ကယ်တစ်စီးနှင့်ရပ်နေသူထံ ခေါင်းဆတ်ပြလိုက်သည်။

ညီညီညာညာသွေးယူထားပါသော ကျောက်သားဖြူဖြူလေးများကဲ့သို့ သွားတန်းညီညီကလေးများပေါ်အောင်ရယ်ပြရင်း သူလျှောက်လှမ်းလာတော့

ဒုတ်ဒုတ်ဒုတ် ဒုတ်ဒုတ်ဒုတ်~

*နှစ်နှစ်လုံးလုံးခွဲနေရတဲ့ကိုယ့်ချစ်သူ ပြန်လာတဲ့အချိန်မှာတောင် လေဆိပ်ကိုလာကြိုဖို့နေနေသာသာ ရန်ကုန်မှာပါမရှိတဲ့သူ့ဆီ မနေနိုင်မထိုင်နိုင်လိုက်လာခဲ့ပြီးပြီမို့ ဒီခြေလှမ်းတော့ သူလှမ်းပါစေ။ မင်းတို့ငြိမ်ငြိမ်နေစမ်း*

သူ့လူ (သူ႕လူ)Hikayelerin yaşadığı yer. Şimdi keşfedin