အပိုင်း (၈)

7.7K 1.1K 154
                                    


(Unicode)

ယနေ့ ကြီးစိုးတို့အတန်းကျူရှင်ဆင်းတာ အတော်နောက်ကျသည်။ နှောင်းခေတ်တို့ကူးရမည့်စာမှတ်ပြီးသည်အထိ မဆင်းသေး။ Sec-C ထဲမှာလည်း တင့်တယ်နှင့်နှစ်ယောက်တည်းကျန်တော့သည်မို့ ကျူရှင်တိုက်အောက်ထပ်ကိုသာ ဆင်းလာခဲ့လိုက်သည်။

တိုက်အောက်ရောက်တော့ ဦးညိုကကားတံခါးလာဖွင့်ပေးသည်။ နှောင်းခေတ်ထမင်းချိုင့်နှင့်ကျောပိုးအိတ်ကို ကားထဲထည့်လိုက်ပြီး ကားတံခါးကိုပိတ်လိုက်သည်။

"ကြီးစိုးတို့အတန်းမဆင်းသေးဘူး ဦးညို။ ကျွန်တော်အပြင်မှာပဲစောင့်လိုက်တော့မယ်"

နှောင်းခေတ်ပြောပြီးတော့ လှေကားအဆင်းက တင့်တယ်ရပ်နေသည့်အနားကိုသွားနေလိုက်သည်။ လက်ကနာရီလေးကိုကြည့်ရင်း

"တင့်တယ် ကားထဲဝင်စောင့်မလား"

"ရတယ်။ ဒီကပဲစောင့်လိုက်တော့မယ်"

လမ်းမှာဖြတ်သွားသမျှကားတိုင်းကို နှစ်ယောက်သားငေးနေကြတာကြောင့် တင့်တယ်နှင့်စကားမပြောဖြစ်ကြ။ ခဏနေတော့ လှေကားဘက်ဆီက ခြေသံများကြားလာမှ နှစ်ယောက်သားမတိုင်ပင်ဘဲ လှည့်ကြည့်ဖြစ်သည်။ တင့်တယ်က နှောင်းခေတ်လက်ကိုကုပ်ရင်း အနားကပ်ကာတီးတိုးပြောသည်။

"ဟဲ့ ငါပြောတာအဲ့တစ်ယောက်လေ...တက်ထွဋ်လူဆိုတာ"

နှောင်းခေတ်လှေကားဆီလှမ်းကြည့်တော့

"အဲ့လိုကြီး သွားကြည့်ရလား။ ငါတို့သူ့အကြောင်းပြောနေမှန်းသိသွားမှာပေါ့"

တင့်တယ်က ဗိုက်ခေါက်ကို လိမ်ဆွဲရင်း အံကြိတ်ကာပြောသည်။

"သိသိပေါ့ ဘာဖြစ်လဲ"

တင့်တယ်လက်စာမိသွားသောနေရာလေးသည် ရဲနေတော့မည်မှာအသေချာ။ သက်သာလိုသက်သာငြား လက်နဲ့အသာပွတ်ရင်း မိမိနှင့်နာမည်တူကိုတစ်ခါပြန်ကြည့်မိတော့စက္ကူပျော့ဖတ်လိုဖြစ်နေသော သူ့အသားအရည်ကိုအရင်ဆုံးသတိထားမိသည်။

အညိုရောင်ပြေးနေသောဆံအုပ်သားတွန့်ကွေးကွေးတို့သည် ဘေးတစ်စောင်းခွဲထားသော ဆံပင်ခွဲကြောင်းအတိုင်း ညာဘက်နဖူးစပ်မှ ဘယ်ဘက်မျက်ခုံးနားထိ အုပ်နေသည်မှာ မုန့်ဗိုင်းထောင့်အညိုရောင်လေးတွေကို စီပြီးထည့်ထားသည့်အတိုင်းဖြစ်နေသည်။

သူ့လူ (သူ႕လူ)Where stories live. Discover now