Invaluable

5.5K 692 101
                                    


(Unicode)

နှောင်းခေတ်၊ ရေမိုးချိုးသနပ်ခါးလိမ်းပြီးသည်နှင့် လက်ပ်တော့ပ်ကိုယူကာ ခုတင်ပေါ်ထိုင်လိုက်သည်။ လက်ပ်တော့ပ်ကိုပေါင်ပေါ်တင်မည်လုပ်ပြီးတော့မှ စာကြည့်စားပွဲပေါ်က အမည်းရောင်လက်ပ်တော့ပ်တင်သည့်စင်လေးဆီ အကြည့်ရောက်သွားမိသည်။

"ရော့"

"ဘာကြီးလဲ"

"လက်ဆောင်"

အိမ်ရှေ့ဆိုဖာပေါ်တွင်လက်ပ်တော့နှင့် Assignment အတွက်စာရှာနေစဉ် တစ်မနက်လုံးပျောက်နေသူကရောက်ချလာပြီး ပါဆယ်ဘူးတစ်ဘူးကိုကမ်းပေးလာသည်။

"အထဲမှာဘာလဲ"

နှောင်းခေတ်၊ သူ့လက်ထဲက လက်တစ်တောင်သာသာ ဘူးလေးကိုလှမ်းယူလိုက်ပြီးမေးတော့
သူကနှောင်းခေတ်ဘေးတွင်ဝင်ထိုင်ရင်း

"သိချင် ဖွင့်ကြည့်ပေါ့"

မနက်တည်းက မပြောမဆိုနှင့်ပျောက်သွားပြီး၊  အခုမှလက်ဆောင်ထုပ်နှင့်ပြန်ရောက်လာသည်ကို စိတ်ထဲသိပ်မကြည်လှသည်မို့ နှောင်းခေတ်၊ သူနှင့်စကားထာဖွက်တမ်းကစားမနေတော့ဘဲ ပါဆယ်ဘူးလေးကိုဖွင့်ကြည့်လိုက်သည်။ ပတ်ထားသောဖော့လေးများကိုဖယ်လိုက်သည်နှင့်  လက်တစ်တောင်ကျော်ကျော်၊ အမည်းရောင်သတ္တုစင်လေးကိုတွေ့လိုက်ရသည်။ အတန်းထဲကသူငယ်ချင်းတစ်ယောက်သုံးသည်ကိုမြင်ဖူးသည်မို့ လက်တော့ပ်တင်သည့်စင်မှန်းသိသော်လည်း

"ဒါကဘာလုပ်ရမှာလဲ"

ဘေးကနေ ဆိုဖာနောက်မှီပေါ်လက်တင်သလိုလိုနှင့် နှောင်းခေတ်ပခုံးပေါ်လက်ဝဲနေသူက နှောင်းခေတ်စကားကြောင့် သူ့ဘာသာသူခိုးလူမိပြုံးစိစိလုပ်နေရာက မျက်နှာချက်ချင်းတည်သွားပြီး

"ဘာကိုဘာလုပ်ရမှာလဲ။ လက်ပ်တော့တင်တဲ့စင်လေ...၊ လက်ပ်တော့ပ်တင်ပေါ့"

"ဒီတိုင်း စားပွဲပေါ်တင်ပြီးသုံးလို့ရနေတာပဲကို"

သည်တစ်ခါကျ အမောင်ကြီးစိုးသူတို့ မျက်မှောင်နည်းနည်းကြုပ်သွားသည်။ ပြီးမှ

"အေးပေါ့...အခုလိုမျိုးလေ"

နှောင်းခေတ်ရှေ့က စာအုပ်များနှင့်ပွရှုပ်နေသောစားပွဲကိုတစ်လှည့်၊ နှောင်းခေတ်ပေါင်ပေါ်ရှိလက်ပ်တော့ကိုတစ်လှည့်ကြည့်ရင်းက ပြောလာသည်။ သည်တစ်ခါကျ အထုပ်နှင့်အထည်နှင့်မိသည်မို့ အရှက်ပြေချောင်းဟန့်ရသူက နှောင်းခေတ်။

သူ့လူ (သူ႕လူ)Where stories live. Discover now