...as long as...

5.8K 772 125
                                    


(Unicode)

စာကြည့်စားပွဲတွင်ထိုင်ကာ စာအုပ်နှင့်မျက်နှာအပ်ထားသော်လည်း အာရုံတို့ကစားပွဲပေါ်တွင်တင်ထားသောဖုန်းထံတွင်သာ။ လက်ထဲရောက်ကတည်းက စာမျက်နှာအသစ်ကိုတစ်ကြိမ်တစ်ခါမှမလှန်ရသေးသော စာအုပ်ကိုလက်ကချကာ ငြိမ်ချက်သားကောင်းနေသောဖုန်းကိုကောက်ကိုင်လိုက်မိသည်။ ဖုန်းမျက်နှာပြင်ကိုထိလိုက်သည်နှင့်အလိုအလျောက်လင်းလာပုံထောက်လျှင် အားကုန်နေသည်တော့မဖြစ်နိုင်။ အော်ပရေတာနှစ်ခုလုံးထံမှ ပရိုမိုရှင်းမက်ဆေ့ချ်များရောက်နေသည်ကလည်းပုံမှန်၊ အမေကြီးတို့နှင့်မနက်ကဖုန်းပြောထားသည့်မှတ်တမ်းများအရ အဝင်ကောလ်အထွက်ကောလ်တို့သည်လည်းပုံမှန်။ ပုံမှန်မဟုတ်သည်က ခါတိုင်းမနက်အိပ်ရာနိုးတိုင်းမြင်နေရသောမျက်နှာကိုမမြင်ရခြင်း၊ ကျောင်းအတူမသွားနိုင်၍သူကျောင်းစောသွားရသည့်နေ့တိုင်း ဖုန်းတန်လျှင်ဖုန်း၊ မက်ဆေ့ချ်တန်လျှင်မက်ဆေ့ချ်ဖြင့် အကြောင်းအကျိုးပြောပြထားတတ်သောဖုန်းနံပါတ်တစ်ခု ပျောက်ဆုံးနေခဲ့ခြင်း.....။

စိတ်ချမ်းသာရသည်လည်းမဟုတ်ပါဘဲ မက်ဆေ့ချ်ကိုရော ဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုပါ အကြိမ်ကြိမ်ဝင်စစ်ပြီးနောက် စိတ်ကပိုတိုလာရသည်။ မြင်နေကျဖုန်းနံပါတ်တစ်ခုပျောက်ဆုံးနေခဲ့တာ သုံးရက်ကျော်ခဲ့ပြီပဲ။ တငွေ့ငွေ့လောင်မြိုက်လာသောဒေါသမီးကြောင့် ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး စားပွဲပေါ်ကိုဆောင့်ချလိုက်မိသည်။ ဒေါသလျော့လိုလျော့ငြား မျက်လုံးအစုံကိုဖုန်းကခွာမိခါမှ ပြက္ခဒိန်ကိုအကြည့်ရောက်ပြီး အသံထွက်ဆဲလိုက်မိသည့်အဖြစ်။

"Sh*t ဒီနေ့ပိတ်ရက်ကြီး!"

ဒေါသထွက်ထွက်နှင့်ပြက္ခဒိန်ဘေးက နှစ်ယောက်တွဲရိုက်ထားသောဓာတ်ပုံဘောင်ကိုကိုင်ကာကြမ်းပြင်သို့ပစ်ပေါက်ရန်လက်ကိုမြှောက်လိုက်စဉ် လက်ကိုလေထဲတန့်စေလိုက်မိပြန်သည်။ ညာဘက်လက်ကောက်ဝတ်တွင်က သူနှင့်ဆင်တူလက်ပတ်ကလေး။

"အား....ကြီးစိုးသူ အရူးကောင်! မင်းပေးတဲ့ဟာက လက်ပတ်မဟုတ်ဘူး၊ လက်ထိပ်လက်ထိပ်!"

သူ့လူ (သူ႕လူ)Where stories live. Discover now