သူငယ်ချင်း မှသည်.. (Part 1)
===
[Unicode]
အစက တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ ဝိုင်းတစ်ဝိုင်းထဲကပဲ အသံတွေ ဆူညံစွာထွက်နေတယ်။ ထိုစားပွဲဝိုင်းအပြင်လည်း တစ်ခြား ဝိုင်းတွေမှာ လူသိပ်မရှိဘူး။ စားသောက်ဆိုင်လေး နာမည်ကတော့ "ဒိုင်ယာရီ" တဲ့။ ထိုတစ်ဝိုင်းတည်းသော စားပွဲဝိုင်းမှာ ထိုင်နေကြတာကတော့ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်။ သူတို့လေးယောက်လုံးဟာ အလွန်ဆုံး ရှိလှမှ အသက် ၂၀အရွယ်လေးတွေပဲ ဖြစ်တယ်။
ထိုဝိုင်းမှာ ထိုင်နေတဲ့ ယောက်က်ျားလေး နှစ်ယောက်ဟာ အပြင်လူတွေ အမြင်မှာ ဘယ်သူက ပိုချောလဲ ဆိုတာ ဝေခွဲလို့ လုံးဝမရနိုင်ဘူး။ ပြီးတော့ ဘယ်သူကမှလည်း ဝေခွဲနေဖို့ အချိန်ရမှာ မဟုတ်ဘူး။ သူတို့ နှစ်ယောက်ကို တွေ့တဲ့ သူတိုင်းက တစ်ယောက်ကိုတစ်လှည့်စီ ငေးနေရတာနဲ့တင် အားကြမှာ မဟုတ်ဘူးလေ။ နှစ်ယောက်လုံးဟာ အသားဖြူဖြူ အရပ်အမောင်း ကောင်းကောင်းနဲ့ သန့်သန့်ပြန့်ပြန့်လေးတွေချည်းပဲ။ ခေတ်စကားနဲ့ ပြောရရင် အဆင်လေး နှစ်ယောက်ပေါ့။
မိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်ဟာလည်း တောက်ပကျော့ရှင်းပြီး လှလွန်းလို့ ဒီလို အညတရ စားသောက်ဆိုင်လေးနဲ့ လုံးဝ မလိုက်ဖက်ဘူးလို့ ထင်ရနိုင်တယ်။ သူမကို တွဲမြင်လို့ ရနိုင်တဲ့ တစ်မျိုးတည်းသော စားသောက်ဆိုင်ကတော့ တစ်ခါစားရင် သိန်းချီပေးရတဲ့ fine dining လို အဆင့်မြင့်စားသောက်ဆိုင်မျိုးပဲ ဖြစ်တယ်။ သူမဟာ ကျောလယ်လောက် ရှိတဲ့ ဆံပင်ကို အနောက်မှာ ဖိုသီဖတ်သီလေး စုပြီး စည်းထားတာတောင် တော်ဝင်ဆန်တဲ့ အလှမျိုးနဲ့ ကျက်သရေ ရှိနေတယ်။
ကျန်မိန်းကလေး တစ်ယောက်ကတော့ သာမာန်ပါပဲ။ သူလိုငါလို မျက်နှာပေါက်လေးဆိုပေမယ့် တောက်ပတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အမြဲပြုံးရယ်နေတာ တွေ့ရလိမ့်မယ်။ ပုခုံးကျော်ကျော်လောက်သာ ရှည်တဲ့ ဆံပင်တိုလေးကို နားအနောက်မှာ သိမ်းထားတော့ သူမမျက်နှာဟာ ပုံမှန်ထက် ပိုဝိုင်း ပိုပြဲနေသလို ထင်ရတယ်။ ပြောရရင် ဒီစားပွဲဝိုင်းမှာ ထိုင်နေတဲ့ သူတွေနဲ့ သူမဟာ အမြင်အားဖြင့် (ရုပ်ရည်အားဖြင့်) ဆိုလျင် ဘယ်လိုမှ အပ်စပ်မှု ရှိမနေဘူး။ ဒါပေမယ့် သူမဟာ အားလုံးထဲမှာ ကလေးရုပ်အပေါက်ဆုံးနဲ့ မချောမလှသော်လည်း ချစ်စဖွယ် အကောင်းဆုံး ဖြစ်နေတယ်။

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...