Zawgyi version
မေလဆန်းပိုင်းက ဧပရယ်လောက်လည်းမပူ ဆောင်းဦးလောက်လည်းမအေး နေချင့်စဖွယ်ရာသီဥတုလေးဖြစ်နေသည်။ ကားလေးဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် ပျားပန်းခတ်နေသောလူတန်းစားအလွှာပေါင်းစုံက ကိုယ်စီကိုယ်ငှ ရုန်းကုန်နေကြရ၏။
အားလုံးမှာ အိပ်မက်တစ်ခုတော့ ရှိမည်ထင်သည်။ ထိုအိပ်မက်နောက်ကိုလိုက်ဖို့ တောင်ပံတစ်စုံသာ လိုနေကြတာ။ သူကတော့ အခု ရွှေတောင်ပံလေးကိုတပ်ဆင်လျက် ဟိုးအဝေးကြီးကို ပျံသန်းသွားတော့မည်။
Mina က ပြတင်းပေါက်မှငေးကြည့်နေရင်း ဒီနေ့မှ Seoul က ပိုလှနေသည်ဟု ထင်မိသည်။ ဒီကိုလာတုန်းကလည်း မလာချင်ခဲ့သလို ခွဲခွါရမည်ဆိုတော့လည်း ဒုတိယအိမ်လိုဖြစ်နေသောမြို့ဖြစ်တာမို့ ရင်ထဲမှာမကောင်း။
ပြီးတော့ တစ်ယောက်သောသူကို ထားခဲ့ရတာကြောင့်မို့လည်း ပါမည်ထင်ရ၏။
ပါတီနေ့က ဖျတ်ခနဲတွေ့လိုက်သည်မှလွဲ၍ Chaeyoung နှင့်သူ ထပ်မဆုံဖြစ်ကြတော့။ နှုတ်ဆက်ခဲ့ချင်သော်လည်း သူ့ဘက်ကစပြီးမဆက်သွယ်ချင်တော့တာမို့ သည်အတိုင်းပဲ ထားလိုက်ခြင်းဖြစ်သည်။ ပြီးတော့ Chaeyoung မျက်နှာကိုထပ်မြင်လိုက်ရပါက သူထွက်သွားနိုင်ပါတော့မလားဆိုတာ မသေချာ။
Chaeyoung ကလည်း အလိုက်တသိပါပဲ။ သူ့ဆီကို ဆက်သွယ်ဖို့မကြိုးစားသလို မေးလည်းမမေး။ အန်တီကတော့ သူဒီနေ့သွားမှာဖြစ်ကြောင်း Chaeyoung ကို ပြောပြပြီးသားဟု ပြောလာသည်။
ဖြစ်နိုင်ရင်တော့ တစ်ခါတစ်ရံ ဘဝကို ဒရာမာဆန်စေချင်မိ၏။ သူသွားခါနီး လေဆိပ်ကို Chaeyoung လိုက်လာတာမျိုး။ ဒါမှမဟုတ် သူ့လက်ကိုဆွဲပြီး မသွားပါနဲ့တားတာမျိုး။ သို့သော် ဘဝကရုပ်ရှင်မဟုတ်တော့လည်းအခက်သား။ သူအရမ်းတော့ မျှော်လင့်မထားတော့။
"သွားစို့ သမီးလေး"
ဖေဖေက ကားနောက်ခန်းကိုဖွင့်ကာ luggage ကို ဆွဲလာစဉ် သူလည်း ကားပေါ်မှဆင်းလိုက်သည်။ အင်ချွန်းလေဆိပ်ကြီးက ပုံမှန်အတိုင်းလည်ပတ်လျက်။ သူ့ကမ္ဘာကသာ ရပ်ချင်ချင်ဖြစ်နေပြီး ခြေလှမ်းတွေက အထဲကိုမသွားချင်တော့။
YOU ARE READING
First Snow